
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့သို့ရောက်ရှိ
နေပြည်တော် မေ ၁၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဗာစီဗစ်မြို့သို့ အထူး လေယာဉ်ဖြင့် ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် နိုဗာစီဗစ်မြို့၊ သာမာရှယ်ဗာ လေဆိပ်သို့ရောက်ရှိကြရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ညောင်ပင်ကြီး-ဗုဒ္ဓကုန်းမဟာ ဓာတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးကျမှုကြောင့် မေလ ၃ ရက်နေ့ ညနေပိုင်းမှစတင်၍ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နေပြည်သူများ သောက်သုံးရေအခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း၊ ထိုသို့ သောက်သုံးရေခက်ခဲမှုများကြောင့် ပြည်သူများသောက်သုံးရေ ဖူလုံစွာရယူသုံးစွဲနိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်အမှတ် ၆ နှင့် ၁၅ ရပ်ကွက်များအတွင်း လှည့်လည်လှူဒါန်းရာ မေလ ၇ ရက်မှစတင်ပြီး မေလ ၈ ရက်နေ့အထိ သောက်သုံးရေ ရေဂါလံ ၁၂,၈၀၀ ခန့် လှူဒါန်းခဲ့ကြောင်း၊ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများထံ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ထံမှ သိရသည်။

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။
ယခုအခါ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကို နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့သို့ ဘေးသင့်လူဦးရေ အချိုးအစား အပေါ်မူတည်၍ ဖြန့်ခွဲပေးပို့လျက်ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းမည့် ဒီဇယ်ဆီတန် ၃၀,၀၀၀၊ ဓာတ်ဆီတန် ၂၀,၀၀၀၊ ယာယီနေအိမ်အဖြစ် အသုံးပြုရန် Prefabricated House အလုံး ၄၅၀၀ နှင့် ယာယီရုံးအဖြစ်အသုံးပြုရန် Prefabricated Office အလုံး ၅၀၀ တို့အနက် ၂-၅-၂၀၂၅ ရက်နေ့တွင် ဒီဇယ်ဆီ တန် ၁၈,၀၀၀ နှင့် Prefabricated Office အလုံး ၃၄၀ သည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ဒီဇယ်ဆီ တန် ၁၈,၀၀၀ ကို ရန်ကုန်မြို့ သီလဝါ Terminal တွင် ခေတ္တထိန်းသိမ်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။
Prefabricated Office အလုံး ၃၄၀ ကို ၄-၅-၂၀၂၅ ရက်နေ့တွင် နေပြည်တော်သို့ မြန်မာ့မီးရထားဖြင့် သယ်ဆောင်လျက်ရှိရာရောက်ရှိပါက ဝန်ကြီးဌာနအသီးသီးသို့ဖြန့်ခွဲ၍ ယာယီရုံခန်းများအဖြစ် အသုံးပြုကာဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ရက်သတ္တပတ် ၁ ပတ်အတွင်း လက်ခံရရှိသော လှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၆ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၂၈ စီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ မော်တော်ယာဉ် ၈ စီးဖြစ်ပါသည်။
နိုင်ငံတကာအလှူရှင်များမှ ၂၈-၄-၂၀၂၅ ရက်နေ့ မှ ၄-၅-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့်ပစ္စည်းများ၊ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ်လျှင် ၁ ကြိမ် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကြို့ပင်ကောက်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို မေလ ၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းစီ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်ထောက်ပံ့ငွေများ ပေးအပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်ဇေယျနှင့် အဖွဲ့ဝင်များက ကြို့ပင်ကောက်မြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၁၇) စုမှ ဝန်ထမ်း (၉)ဦး၊ ပြည်သူ(၃၁)ဦး စုစုပေါင်း(၄၀)ဦးအား တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်းစီဖြင့် စုစုပေါင်း ငွေ(၁,၆၀၀,၀၀၀)ကျပ်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် ယာယီနေရပ်စွန့်ခွာ ပြည်သူများ လက်ဝယ်ထံအရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗလမင်းထင်ခန်းမ၌ မေ ၆ ရက်နေ့ မွန်းလွဲ ၄ နာရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တောမီးရှို့ ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့် ကိစ္စရပ်များမဖြစ်ပေါ်စေရေး၊ တောင်ယာမီး၊ တောမီးများ မရှို့စေရန် အသိပညာပေးခြင်း၊ အရေးယူတားဆီးခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်ခြင်းအားဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ထိန်းချုပ် လျှော့ချကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြား၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။