စိုက်ပျိုးရေးဆွေးနွေး

စိုက်ပျိုးရေးတက္ကသိုလ်၌ တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ

နေပြည်တော် မေ ၁၇

စိုက်ပျိုးရေးသုတေသနဦးစီးဌာနက အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်စုဝေးဆောင်ခန်းမ၌ (၆၈) ကြိမ်မြောက် ကျင်းပရာ ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုးမွေးမြူနည်း Farmer Participatory Plant Breeding (PPB) ခေါင်းစဉ်ဖြင့် ပို့ချဆွေးနွေးကြကြောင်း သိရသည်။
ဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးသူတောင်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သည့် အားကောင်းသော စနစ်တစ်ခု အကောင် အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုစနစ်ကို နိုင်ငံတကာတွင် စတင်ကျင့်သုံးခဲ့သည်မှာ ၁၉၈၀ ပြည့်နှစ်- ၁၉၉၀ ပြည့်နှစ်များဆီမှ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသနဌာနကြီးများက စတင်အသုံးပြုခဲ့ကြောင်း၊ ကျေးလက်တောင်သူများ ပူးပေါင်းပါဝင်သော အပင်မျိုးမွေးမြူနည်း Participatory Plant Breeding (PPB) ၏ အဓိပ္ပာယ်နှင့် အရေးပါမှု၊ PPB ၏ သမိုင်းကြောင်း၊ ရည်မှန်းချက်များဖြစ်သော ဒေသနှင့်ကိုက်ညီသောမျိုးများ၊ ဒေသဆိုင်ရာအခြေအနေများနှင့်အညီ သီးနှံများဖွံ့ဖြိုးရန်၊ သီးနှံအထွက်နှုန်းနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုတိုးတက်စေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ အားကောင်းစေရန်၊ သီးနှံမျိုးကွဲနှင့် ဗီဇအရင်းအမြစ် စုံလင်စေခြင်းကြောင့် ရောဂါပိုးမွှား ပြင်းထန်စွာကျရောက်မှုမှ ကာကွယ်ပေးနိုင်ခြင်း၊ ဒေသဆိုင်ရာ မျိုးစေ့စနစ်ထွန်းကားလာစေခြင်း၊ တောင်သူများ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်လာစေရေးတို့ကိုလည်းကောင်း၊ PPB ၏ အကျိုးကျေးဇူးများအဖြစ် ဒေသအလိုက် သင့်တော်သောမျိုးကွဲများ တိုးပွားစေခြင်း၊ တောင်သူများ စွမ်းဆောင်ရည်မြင့်မားစေခြင်း၊ ဈေးကွက်နှင့် ကိုက်ညီသော သီးနှံများထုတ်လုပ်နိုင်ခြင်းတို့အပြင် PPB သည် နည်းပညာတစ်ခုသာမက လူထုလှုပ်ရှားမှုပါ ပါဝင်ဆောင်ရွက်ရသောစနစ်ဖြစ်ကြောင်း ဆွေးနွေးပို့ချသည်။
ဆွေးနွေးချက်များကို တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ ဒုတိယဝန်ကြီးက အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယနေ့ကျင်းပသည့် (၆၈) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်၊ စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ၊ သုတေသီများ၊ ဆရာ ဆရာမများ၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများမှ တောင်သူ ၆၀ တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပညာရှင်နှင့် တောင်သူ ၁၃၅ ဦးတို့က Zoon Point ၁၀၀ မှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

18.05.2025
အိုလံပစ်ကော်မတီအစည်းအဝေး

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) အစည်းအဝေးကျင်းပ

ရန်ကုန် မေ ၁၇

မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီတွဲဖက်ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး (၂)၊ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီဘဏ္ဍာရေးမှူးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ  တက် ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ၁၉၄၇ ခုနှစ် ဇူလိုင် ၉ ရက်တွင် အသိအမှတ်ပြုခဲ့သည့်အတွက် သက်တမ်းအားဖြင့် (၇၉) နှစ်ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် အစောဆုံးအသိအမှတ်ပြုခံရသည့် နိုင်ငံကော်မတီ၌ ပါဝင်ခဲ့ပါကြောင်း၊ မြန်မာ့အားကစားအောင်နိုင်ရေးနှင့် စနစ်တကျရှိစေရေး အစည်းအဝေးတက်ရောက်လာသည့် ကော်မတီဝင်များက ပါဝင်ဆွေးနွေးပေးစေလိုပါကြောင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့ အားကစားအဖွဲ့ချုပ်များအလိုက် အားကစားအောင်မြင်မှုရရှိရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄)ဦးခွန်ဂျာအောင်က အာရှအိုလံပစ်ကောင်စီနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) ဦးထွန်းမြင့်ဦးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်ပြင်ဆင်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထိန်လင်းက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများက အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်း ရေးမှူး (၂) နှင့် တာဝန်ရှိသူများက ထပ်မံဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေးအတွက် Excellent Fortune Foundationဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း (ကိုယ်စား) မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးက ပဏာမလက်ရွေးစင် အလေးမအားကစားသမားများအတွက် ငွေကျပ်သိန်း ၁၀၀ နှင့်ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆေး Amino Acids နှင့် Creatine Monohydrate အားဆေးများကိုလည်းကောင်း၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရက မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ငွေကျပ် သိန်း ၂၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရေကူးနှင့်လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက မြန်မာ့အားကစား အောင်နိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မေ ၁၆ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများနှင့်အတူ ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြာမီမိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေချောမွေ့စွာဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် လုံခြုံမှုရှိစေရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင် (၁၊ ၂၊ ၃ နှင့် ၄) တို့တွင် (၂) ခန်းတွဲဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှုအခြေအနေများနှင့် ဆက်လက်တည်ဆောက်လျက်ရှိသည့် ဘာရှာများအတွက် ပစ္စည်းများစုပုံထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်စေရန်  တာဝန်ရှိသူများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး၊ အရည် အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခက်အခဲများရှိပါက လိုအပ်သည်များကို ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။

 

သတင်းစဉ်

18.05.2025
အလှူငွေပေးအပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(ဗဟို)ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မေ ၁၇

မြန်မာနိုင်ငံလုံးဆိုင်ရာ  သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဒွါဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲကြီးဆိုင်ရာ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဇမ္ဗူသီရိဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ    အဂ္ဂ  မဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဒေါက်တာပဏ္ဍိတဘိက္ခုနှင့် ဂုဏ်ထူးဆောင်ဆရာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) နာယကများ၊ ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို   နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍  ဖွင့်လှစ်ပြီး   နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက် တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သြဝါဒကထာမြွက်ကြားတော်မူသည်။
ထို့နောက် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ   အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇဒွိပိဋကဓရ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် အလှူ ရှင်များက သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး   ဦးဌေးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) နာယက ဦးစိန်မော်၊ ဘဏ္ဍာရေးမှူး ဒေါက်တာမြသီတာနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ (ဗဟို) ဂုဏ်ထူးဆောင်နာယက မနာပဒါယီကိုရီးယား ဆရာတော် အရှင်ဝိစိတ္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

 

သတင်းစဉ်

18.05.2025
photo

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၉၀ မြန်မာ - ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှု လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ မေလ ၁၄ ရက်နေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၉၀ အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန် ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။

အလားတူ မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော် သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၁ ဦးကို မေလ ၁၄ ရက်နေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၀ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် မှ ၈၂၂၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၈၄၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး  မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းက စားမှုနှင့်  ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို  တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက်    အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

16.05.2025
photo

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည် ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ၁၄-၅-၂၀၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့်ဒေသများတွင် ICRC မှ ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ICRC အနေဖြင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ 

 အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

16.05.2025