
အာဆီယံနိုင်ငံများအတွက် အထူးဗီဇာ တရုတ်ထုတ်ပေး
တရုတ်နိုင်ငံသည် အာဆီယံ ၁၀ နိုင်ငံအပါအဝင် အာဆီယံစောင့်ကြည့်လေ့လာသူဖြစ်သည့် တီမောလက်စတေနိုင်ငံများထံမှ စီးပွားရေးသမားများအတွက် အကြိမ်ကြိမ်သွားလာခွင့်ရှိသော အထူး အာဆီယံဗီဇာ ထုတ်ပေးမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာထားကြောင်း CNA သတင်းတွင် ဖော်ပြထားပါသည်။
အရှေ့တောင်အာရှ ၁၁ နိုင်ငံမှ တရုတ်နိုင်ငံကို အလုပ်ကိစ္စဖြင့်လာပြီး အိမ်ထောင်ဖက်များ၊ သားသမီးများ ခေါ်လာကြမည့် အကျုံးဝင်သူခရီးသည်အားလုံးကို ရက်ပေါင်း ၁၈၀ အထိနေနိုင်သည့် ၅ နှစ်ဗီဇာ ထုတ်ပေးသွားမည်ဖြစ်သည်။
တရုတ်နိုင်ငံသားများနှင့် အရှေ့တောင်အာရှနိုင်ငံသားများအကြား မကြာခဏ ခရီးသွားလာမှုများ ရှိလာသည်နှင့်အမျှ ယခုအစီအစဉ်အသစ်သည် ဒေသတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ပြောကြားထားသည်။
၎င်းအပြင် နိုင်ငံတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့်ဝင်ရောက်၍ရသော နိုင်ငံများ ပိုမိုများပြား လာခြင်းက အများသူငှာ လာရောက်နိုင်ရန် လမ်းဖွင့်ပေးနေသည့် တရုတ်နိုင်ငံ၏ ခိုင်မာသည့် သန္နိဋ္ဌာန်ကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသွားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(၂၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ တက်ရောက်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနှင့်ကိုရီးယား အဆင့်မြင့်အရာရှိကြီးများသည် ဘက်စုံမဟာ ဗျူဟာပူးပေါင်းဆောင်ရွက်မှု (CSP) ဆက်လက်ခိုင်မာစေရေး ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး၊ ၂၀၂၄ ခုနှစ်၌ (၃၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးနှင့် တွဲဖက်၍ CSP ကို တည်ထောင်ပြီးနောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သောတိုးတက်လာမှုကို အသိအမှတ်ပြုခဲ့သည်။
ထို့ပြင် ဆွေးနွေးပွဲတွင် 2021-2025 ASEAN-ROK Plan of Action (POA)၊ နိုင်ငံရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ခရီးသွားလာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ကဏ္ဍနှင့် ပြည်သူအချင်းချင်းဖလှယ်မှုတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် (၁၃-၅-၂၀၂၅)ရက်နေ့မှ (၁၄-၅-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်ရန်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာ မိုးမိုးဇော်နှင့်အတူ မေလ (၁၂)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးနှီးနှောဖလှယ်ပွဲအား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် “Multidisciplinary Approach in Neurological Care: Innovations and Advanced Treatments” ခေါင်းစဉ်ဖြင့် ဆွေးနွေးကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် ထိုင်းနိုင်ငံ၊ Neurological Institute of Thailand (NIT) တို့အကြား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပါအဝင် ဦးနှောက်နှင့်အာရုံကြော ဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ်ကုသမှုနည်းလမ်းများအား နိုင်ငံတကာမှပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးဖလှယ်သွားကြမည်ဖြစ်ကြောင်းသိရသည်။

Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance-NEDAအဖွဲ့မှ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက်ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီရန် လာရောက်လှူဒါန်း
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးဇော်ဇော်စိုးထံသို့ Neighbouring Countries Economic Development Agency (Public Organization) Ministry of Finance - NEDA ၂၉-၄-၂၀၂၅ ရက်နေ့တွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မန္တလေးမြေငလျင်ကြီးဘေးဒဏ်သင့်ခံခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးရန် ထိုင်းဘတ် ၁,၀၀၀,၀၀၀ ပမာဏဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့သည်။
အဆိုပါထည့်ဝင်လှူဒါန်းမှုသည် လတ်တလောဖြစ်ပွားနေသော အရေးပေါ်လိုအပ်ချက်များကို ကူညီပေးမည်ဖြစ်ပြီး အခက်အခဲများကို ရင်ဆိုင်နေရသူများအတွက် အဆင်ပြေစေရန်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ICRC၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား မတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းဖွင့်
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းကို မတ်လ(၁၇)ရက်နေ့ မှ (၂၁)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပလျက်ရှိသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မတ်လ (၁၇)ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့်အတူ အလုပ်အမှုဆောင်များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Weapon Contamination Coordinator နှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ကြက်ခြေနီဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။

မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး
နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire သည် မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နီပေါသံအမတ်ကြီးတို့ တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ အီလက်ထရောနစ် ကျန်းမာရေး သတင်းအချက်အလက်စနစ်၊ အီလက်ထရောနစ်ဆေးမှတ်တမ်းစနစ်၊ အီလက်ထရောနစ် ပြည်သူ့ ကျန်းမာရေးသတင်းအချက် အလက်စနစ်နှင့် အီလက်ထရောနစ်ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲမှုစနစ် အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေး ပညာရှင်များ၊ အထူးကုဆရာဝန်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နီလာခန်းမ၌ တွေ့ဆုံစဉ် စာရင်းစစ်ဆေးရာ၌ Manual မှ Digital စနစ်သို့ ပြောင်းလဲလာမှုများ၊ နည်းပညာအသုံးချဆော့ဝဲလ်များ အသုံးပြုနေမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအသုံးပြု၍ IT Audit ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်ကောင်စစ်ရေးရာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A.De Vega (Deputy Foreign Minister, Undersecretary for Migrant Workers’ Affairs, Department of Foreign Affairs) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မတ်လ ၁၈ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံကောင်စစ်ရေးရာ ကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခွင့်အလမ်းရှာဖွေရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်အတွက် အာဆီယံဆု (ASEAN PRIZE 2025) လျှောက်ထားနိုင်ကြောင်းကြေညာချက်
အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံအသိုက်အဝန်းထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025) ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်။
၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025) ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ-
(က) အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊
(ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ၊
(ဂ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုများ၊
(ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပေါင်းစည်းရေးနှင့် စံနှုန်းများမြှင့်တင်ရေး ဆောင်ရွက်မှုများ၊
(င) အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ
အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် အကဲဖြတ်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများ အပါအဝင် ထင်ရှားသောအဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။
အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကိုအခြေခံပြီး ပြည်သူကိုဦးတည်၍ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအသိုက်အဝန်းထူထောင်ခြင်းနှင့် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ပါသည်။
အကျဉ်းချုပ်တွင် ပါရှိရမည့်အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https://asean.org/ nomination-form/တွင် download ရယူဖြည့်စွက်ပြီး အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်(သို့မဟုတ်) amns.mofa@gmail.com သို့ ၁၁-၄-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားထားပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဖော်ပြပါအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက် စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။