
မြေငလျင်ဒဏ်ကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်
နေပြည်တော် မေ ၇
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင်နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများ တက်ရောက်ကြသည်။
ထောက်ပံ့ငွေများ ပေးအပ်
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင် နေအိမ်များ ပြိုကျ/ပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်

ပေါင်းတည်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ကူညီထောက်ပံ့
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေလ (၆)ရက်နေ့ နံနက် (၁၀)နာရီက ပေါင်းတည်မြို့နယ်သို့ နေရပ်စွန့်ခွာ ခိုလှုံနေထိုင်ကြသော ပြည်သူများအား ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
နိုင်ငံတော်က စာနာထောက်ထားသောအားဖြင့် ယင်းသို့ ကူညီထောက်ပံ့မှုကို ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းတည်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း (၄၁၃)ဦးအတွက် (၈၂)သိန်း (၆)သောင်းကျပ်ကို ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို ဇွဲလုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလို
နေပြည်တော် မေ ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ယန္တရားအခြေခံပညာအထက်တန်းကျောင်း၊ အမရပူရမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် အမှတ် (၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အောင်မြေသာစံမြို့နယ် အမှတ် (၂၅) အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဇွန်လ ကျောင်းဖွင့်ချိန်အမီ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိမိတို့၏ အခြေခံပညာကျောင်းများကို ထိခိုက်ပျက်စီးမှုအလိုက် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီစာသင်ဆောင်တည်ဆောက်ပေးခြင်းတို့ဖြင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကျောင်းနှင့် ကျောင်းသား အရေအတွက်ပေါ်မူတည်၍ နှစ်ချိန်တက်ကျောင်းအဖြစ်ဆောင်ရွက်ခြင်း၊ ရေ၊ မီး၊ သန့်စင်ခန်း ပြည့်စုံရေးဆောင်ရွက်ပေးခြင်းတို့ကို စနစ်တကျပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်းမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာ ဆရာ ဆရာမများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုမှ အစိုးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်းကျောင်းများတွင် စခန်းသွင်းလေ့ကျင့်ရေး Camp များတွင် စားသောက်ရေး၊ နေထိုင်ရေးစသည်ဖြင့် အခက်အခဲမရှိ အဆင်ပြေအောင် ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလိုပါကြောင်း အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

နေပြည်တော်ကောင်စီနယ်မြေအတွင်း သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့်ရေပိုက်လိုင်းများ အမြန်ဆုံးပြန်လည်ပြင်ဆင်ပေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ် မြတ်လေးလမ်းနှင့် နေကြာလမ်းသို့ သွားရောက်၍ ငလျင်ဘေးကြောင့်ပျက်စီးခဲ့သည့် ရေပေးဝေရေးပိုက်လိုင်းများကို ဝန်ထမ်းများ၊ ယန္တရားများဖြင့် တူးဖော်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မေလ (၅)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ် ရာဇသင်္ဂဟလမ်းအနီး ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပင်မရေပိုက်လိုင်းများ၊ ရေဖြန့်ဝေသည့် ပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် ရာဇသင်္ဂဟအိမ်ရာ(၁) ဝင်းအတွင်း ရေပိုက်လိုင်းများ ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ရာဇသင်္ဂဟလမ်းကို စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုနှင့် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရေသန့်စင် စက်ရုံ အမှတ်(၃) ရေသိုလှောင်ထားရှိမှုနှင့် ရေဖြန့်ဝေနေမှုအခြေအနေ၊ ဥတ္တရသီရိ မြို့နယ် သုခမိန်လမ်း၌ ကလိုရင်းခတ်သန့်စင်ထားသည့် သောက်သုံးရေများကို ရေသယ်ယာဉ်များဖြင့် ရေဖြည့်တင်းပြီး သယ်ယူပို့ဆောင်ဖြန့်ဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ချောင်းမကြီးရေလှောင်တမံသို့ သွားရောက်ပြီး တမံပြုပြင်နေမှုများနှင့် တမံမြေသားကြံ့ခိုင်မှု စစ်ဆေးနေမှုအခြေအနေများ၊ ဇမ္ဗူသီရိမြို့နယ် ပိတောက်အိမ်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ် မိုးစပါးချေးငွေအတွက် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် သနပ္ပင်ဆိပ်ကျေးရွာ၊ နှမ်းတောကျေးရွာနှင့် ကျွန်းဦးကျေးရွာတို့မှ တောင်သူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံအာမခံလျော်ကြေးငွေများပေးအပ်ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမဝင်းအတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ငလျင်ဘေးသင့်ပြည်သူ များ အတွက် MSME ထုတ်ကုန် များ၊ လူသုံးကုန်၊ စားသုံးကုန်၊ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ အရောင်းယာဉ်ဖြင့် ရောင်းချပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မြိတ်မြို့၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅)ကို မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ မေ ၅ ရက် နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရေလုပ်သားများ နှစ်စဉ်ငါးဖမ်းရာသီကာလများနှင့်အမျှ ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးကြပြီး လုပ်ငန်းခွင်အခက်အခဲများနှင့် ရာသီဥတု/သဘာဝဘေးအန္တရာယ်များ အစဉ်ကြုံတွေ့ရလေ့ရှိသဖြင့် ရေလုပ်သားများ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် လုပ်ငန်းခွင့်အတွေ့အကြုံ အသိပညာများ ပိုမိုကျွမ်းကျင်မှုရှိစေရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပင်လယ်ပြင်တွင် အောင်သူဇော်-၁၁၇ ဝိုင်းချုပ်ငါးဖမ်းရေယာဉ်မှ ငါးဖမ်းဆီးနေစဉ် လင်းပိုင်ကိုးကောင် ဖမ်းဆီးရမိသဖြင့် ပြန်လည်လွှတ်ပေးခြင်းအတွက် ပဲ့နင်းနှင့်ရေလုပ်သားများအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေကျပ်သိန်း ၃၀ ကို ပေးအပ်သည်။
အဆိုပါသင်တန်းတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာသိကောင်းစရာများ၊ VMS နှင့် ပတ်သက်သည့် ညွှန်ကြားချက်များ၊ ပင်လယ်ငါးဖမ်းရေလုပ်သားများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု မရှိစေရေး၊ အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးနှင့် တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီးခြင်းဆိုင်ရာများ၊ ရှေးဦးပြုစုခြင်းနှင့် မီးဘေးအန္တရာယ်နှင့် မီးငြှိမ်းသတ်ခြင်းစသည့် ဘာသာရပ်များကို နံနက် ၉ နာရီမှ ဆွေးနွေးပို့ချခဲ့ကာ ညနေ ၅ နာရီအထိ သင်တန်းသား ပဲ့နင်းနှင့် ရေလုပ်သား ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။