ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး

မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ (ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ခွန်အားပေးနိုင်ရန် အနုပညာရှင်များအနေဖြင့် ကြိုးပမ်းပေးရမည်)

မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံငလျင်သမိုင်းကြောင်းနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုမှတ်တမ်း ဗီဒီယိုကလစ်ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အချိန်သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား လုပ်ဆောင်နေသည့်အချိန်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား စိတ်ခွန်အားပေးနိုင်ရန် အနုပညာရှင်များအနေဖြင့်ကြိုးပမ်းပေးရမည်ဖြစ်ကြောင်း၊ နောင်တွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဆောက်လုပ်ရမည်ဟု နိုင်ငံတော်အကြီးအကဲက ညွှန်ကြားထားသည့်အတွက် ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် အဖြစ်ဆိုးများနောင်တွင် မကြုံတွေ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အနုပညာရှင်များအနေဖြင့် နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါတိုင်း မိမိတို့တတ်ကျွမ်းသည့် အနုပညာစွမ်းအားဖြင့် ရန်ပုံငွေရှာဖွေပါဝင်ကူညီခဲ့ကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊၊

နိုင်ငံတော်တွင် မည်သို့ပင်အခက်အခဲများကြုံတွေ့ရသည်ဖြစ်စေ အနုပညာရှင်များက ပြည်သူများအား အနုပညာဖြင့် ဖမ်းစားနိုင်သည့်အတွက် ပြည်သူများ၊ ဝန်ထမ်းများအား မိမိတတ်ကျွမ်းသည့် အနုပညာဖြင့် ပျော်ရွှင်တက်ကြွစေပြီး စိတ်ခွန်အားဖြည့်ပေးကြစေလိုပါကြောင်း၊ မေ ၁၀၊ ၁၁၊ ၁၂ ရက်တွင် အမျိုးသားကဇာတ်ရုံ (ရန်ကုန်) ၌ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ စုပေါင်း၍ ရန်ပုံငွေပဒေသာကပွဲကျင်းပရန် စီစဉ်ထားပြီးဖြစ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းကြစေလိုကြောင်း၊ ယခု ပဒေသာကပွဲသည် ရန်ပုံငွေရရှိရေးသက်သက်သာ မဟုတ်ဘဲ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ ပေါင်းစည်းမှု၊ စည်းလုံးညီညွတ်မှုကို ပြသသည့်ပွဲလည်းဖြစ်သဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါဟု ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ  ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးချစ်မျိုးထိုက်၊ မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေပဒေသာကပွဲ ကျင်းပရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးချမ်းသာကြည်စိုးနှင့် တက်ရောက်လာကြသူများက မန္တလေးငလျင်ကြီး ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံငွေ ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မန္တလေးငလျင်ကြီးဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတရန်ပုံငွေပဒေသာကပွဲကို   ရန်ကုန် မြို့    ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် မေ ၁၀ရက်မှ ၁၂ ရက် အထိ သုံးရက်တိုင်တိုင် ညနေ ၅နာရီခွဲမှ ည ၁၀နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

 

သတင်းစဉ်

06.05.2025
ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာစခန်းများရှိ ပြည်သူများအား လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများဆောင်ရွက်

ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာစခန်းများရှိ ပြည်သူများအား လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်း မန္တလေးမြေငလျင်ကြီးဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ (Psychosocial support and counseling) ကို ဆရာဝန်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှု ဆက်ဆံရေးမှူးများနှင့်အခြေခံကျန်းမာရေးဝန်ထမ်းများက ယာယီရွှေ့ပြောင်းနေထိုင်ရာစခန်းများတွင် ဆောင်ရွက်လျက် ရှိသည်။ 

(၃-၅-၂၀၂၅)ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ရွှေအင်တောင်ဘုန်းတော်ကြီးကျောင်းတွင် ငလျင်ဘေးသင့် အိမ်ထောင်စု (၅၁)စု ကိုလူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရေး နှစ်သိမ့်ဆွေးနွေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့လိုအပ်သူများကို သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

05.05.2025
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့ သင်တန်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့ သင်တန်းများဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ဥက္ကဋ္ဌရုံးညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ နှင့်အတူ   မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)သို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ် သင်တန်းလျာထားချက်နှင့်အညီ သင်တန်းသားများထားရှိမည့် သင်တန်းအိပ်ဆောင်၊ စားရိပ်သာများ၊ သင်တန်းခန်းမများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ကြိုတင်ပြင်ဆင်   

ဆက်လက်၍ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်အစည်းအဝေးခန်းမ၌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ပါမောက္ခချုပ်ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်ပညာရပ်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက လမ်းညွှန်ချက်နှင့်အညီ ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ်အတွက် သင်တန်းလျာထားချက်များကို ဇွန်လဆန်းတွင် သင်တန်းများအောင်မြင်စွာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအဆောက်အဦများ အဆင်သင့်ဖြစ်နေသလို ပညာဌာနမှူးများကလည်း ဝန်ထမ်းများအတွက် အသိပညာ၊အတတ်ပညာများကို အရည်အသွေးအပြည့်အဝပို့ချပေးနိုင်ပါက မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အောင်မြင်စွာကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းအင်အားအလိုက် သင်တန်းအိပ်ဆောင်၊ စာသင်ဆောင်များတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ လေ့ကျင့်သင်ကြားနိုင်ရေးနှင့် စားသောက်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရန်လိုကြောင်း၊ ပညာဌာနအလိုက် သင်ရိုးညွှန်းတမ်း၊ ပို့ချဘာသာရပ်များစနစ်တကျပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်

05.05.2025