
စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများနှင့်ကလေးငယ်များအားစိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများနှင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းမြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်များပျက်စီးပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ရာ အဆိုပါထိခိုက်ခံစားရသည့်ပြည်သူများအား လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်မည့်အဖွဲ့နှစ်ဖွဲ့ဖြင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှု လိုအပ်နေသူများအား တွေ့ဆုံအားပေးပြီး အမျိုးသမီးရှိသော အိမ်ထောင်စုများအတွက် Dignity Kit များနှင့် ကလေးငယ်များရှိသော အိမ်ထောင်စုများအတွက် Child Kit များကို ပေးအပ်ခဲ့ကြသည်။
အလားတူ ငလျင်ဘေးသင့် ကလေးငယ်များကိုလည်း ပျော်ရွှင်စေသည့် အစီအစဉ်များနှင့် Games ကစားနည်းများဖြင့် စုပေါင်းပျော်ရွှင်စွာကစားစေပြီး အဆိုပါစိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းဆောင်ရွက်မည့် အဖွဲ့များသည် စစ်ကိုင်းမြို့ နှစ်(၇၀၀) ပြည့် အားကစားခန်းမရှိ ငလျင်ဘေးသင့် အိမ်ထောင်စု ၂၁၁ စုနှင့် ငလျင်ဘေး ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများနှင့် ကလေးငယ်များအား စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးငလျင်ကြီးကြောင့် လယ်ယာကဏ္ဍ၌ ထိခိုက်ခဲ့မှုများအား ပြန်လည်ပြုပြင်မွမ်းမံခြင်းကို စိုက်ပျိုးရာသီအချိန်မီ စီမံဆောင်ရွက်လျက်ရှိ
နေပြည်တော် မေ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာ (တောင်ကန်) ကန်ပေါင်အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့် လမ်းဦးစီးဌာနက လမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြန်လည်ပြုပြင် တည်ဆောက်မှုလုပ်ငန်းနှင့်အတူ တာပေါင်ဆင်ခြေလျှောတစ်လျှောက်၌ မြက်ကပ်ခြင်းအပါအဝင် တာပေါင်ရေရှည်ကြံ့ခိုင်ရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်ရန်မှာကြားပြီး ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြုပြင်ခြင်းလုပ်ငန်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ တာပိုးပြုပြင်သည့် မြေကြီးလုပ်ငန်းများပြီးစီးပြီဖြစ်ကာ ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ် ဥယျာဉ်တောကျေးရွာ တောင်သူ့စိုက်ကွင်း၌ နှမ်းသီးနှံမျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆင်းရတနာ-၃၊ နှမ်းနက် (TBL-BS7)၊ နှမ်းဖြူ(TBL S-1)၊ မကွေး-၁/၁၃၊ ဆင်းရတနာ-၁၄ နှမ်းမျိုးများ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် ဒေသရေမြေနှင့်ကိုက်ညီပြီး တောင်သူကြိုက်နှမ်းမျိုးများ ရွေးချယ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတာဝန်ခံများအနေဖြင့် တောင်သူများအား ကွင်းဆင်းကြပ်မတ်တိုက်တွန်းသွားရန်၊ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး ပြည်တွင်းစားသုံးဆီဖူလုံရေး အထောက်အကူပြုစေမည့် သီးနှံအထွက်နှင့် ဆီအထွက်နှုန်းကောင်းမွန်သည့် နှမ်းသီးနှံမျိုးကောင်း မျိုးသန့်များကို တောင်သူစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

မြောင်းမြမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် မတ်လ (၆)ရက်နေ့ နံနက် (၈)နာရီ အချိန်က အမှတ် (၉)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်သည့် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန် အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုမှ ဦးဆောင်၍ မြောင်းမြမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်လှရီ ဦးဆောင်သော အဖွဲ့ဝင် (၂၇)ဦးဖြင့် နေအိမ်များရှိ ပိုးလောက်လန်း ပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သည့် တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှုမရှိစေရေး၊ ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ခြင်ပေါက်ပွားမှုမရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။