ကာချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပြန်လည်ရောက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နေပြည်တော် မေ ၁၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အစိုးရပရိုတိုကောဌာန၏ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)     ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

ပြန်လည်လိုက်ပါလာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ လိုက်ပါလာသည့် အထူးလေယာဉ်သည် နိုဗာစီဗစ်မြို့ သာမာရှယ်ဗာလေဆိပ်၌ ခေတ္တရပ်နားခဲ့ရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးရာတွင် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ် အခမ်းအနားများသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည့်အတွက် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရသည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှု၊ ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့လက်တွဲ၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ နိုင်ငံနှင့် နိုဗာစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ပို့ဆောင်နှုတ်ဆက်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုက်လံပို့ဆောင်နှုတ်ဆက်ကြသည်။

ယခုခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် သံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

11.05.2025
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြား

နေပြည်တော် မေ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မေ ၇ ရက် မှ စ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်      ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

ထိုသို့အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် အထူးလေယာဉ်ပေါ်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ပြီး မေးမြန်းဖြေကြားမှုအပြည့်အစုံကို ဖော်ပြလိုက်ရပါသည်။

မေး။ ။ ဗိုလ်ချုပ်မှူးကြီးရှင့်၊ မတ် ၃ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့တဲ့ မြန်မာ-ရုရှား ချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ဆွေးနွေးညှိနှိုင်းမှုရလဒ်များက မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိခဲ့ပါတယ်။ ယခု မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ခရီးစဉ်မှာလည်း ကျွန်မတို့နိုင်ငံအတွက် ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့သလဲဆိုတာ သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး။ ။ ဒီအခမ်းအနားကတော့ ရုရှားပြည်သူတွေက တော်တော်ကို တန်ဖိုးလည်းထားတယ်။ ဂုဏ်လည်းယူကြတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီးကို လာပြီးကျူးကျော်တိုက်ခိုက်တဲ့ ဖက်ဆစ်နာဇီတွေအပေါ်မှာ သူတို့လူ ၂၆ သန်းကျော် အသေခံပြီးတော့မှ ပြန်ပြီး ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာပြန်လည်ရရှိဖို့အတွက် တိုက်ခိုက်ခဲ့တာပေါ့။ ဒါကြောင့် သူတို့လည်း သိပ်တန်ဖိုးထားပါတယ်။ ဒါကျွန်တော်တို့ အလေးထားရမယ့်ကိစ္စပေါ့။ မြန်မာနိုင်ငံလည်း ဖက်ဆစ်တော်လှန်ရေးသမိုင်းကြောင်းရှိခဲ့တယ်။တပ်မတော်နဲ့ပြည်သူပေါင်းပြီးတော့မှ လွတ်လပ်ရေးရအောင်လည်း တိုက်ခိုက်ခဲ့တဲ့ သမိုင်းကြောင်းလည်းရှိတယ်။ သမိုင်းကောင်း၊ တကယ်ခိုင်မာတဲ့ သမိုင်းကြောင်းပါ။ ဒါကြောင့် ဒါကလည်း ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ကာကွယ်ရေး အင်အားရှိရင်ပေါ့၊ တပ်မတော်အင်အားရှိလို့ရှိရင် တိုင်းပြည်က အင်အားရှိမယ် ဆိုတဲ့ဟာကတော့ ပေါ်လွင်ပါတယ်။ ပြည်သူအားလုံးကိုလည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်တွေ ဒီထက်ပိုပြီးတော့မှရှိအောင် ဆောင်ရွက်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာ ပြည်သူအားလုံးကလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မယ်ဆိုတာလည်း ဒါကျွန်တော် တွေ့ပါတယ်။

မေး။ ။ ခရီးစဉ်အတွင်းမှာ စစ်ရေးပြအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။ ဘာထူးခြားမှုများ ရှိပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ။ နိုင်ငံ့ခေါင်းဆောင်တချို့နဲ့ အလွတ်သဘောတွေ့ဆုံတာလည်းရှိသလို တွေ့ဆုံဆွေးနွေးနိုင်မှုလည်း ကျွန်တော်တို့ရခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကနေပြီးတော့မှ ကျွန်တော့်ရဲ့ သဘောထားပေါ့၊ ကျွန်တော်ကတော့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားဖို့အတွက် ကျွန်တော်လက်ခံပါတယ်။ ဒီအတိုင်း ကျွန်တော်တို့သွားဖို့ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းမှာ ကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်းကိုလည်း ကျွန်တော်သူတို့ကိုရှင်းပြပါတယ်။ ဆွေးနွေးတဲ့လူတွေကတော့ အားလုံးလည်း လက်ခံပြီးတော့မှ အားပေးထောက်ခံမှုရှိတာကိုလည်း ကျွန်တော်တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေလည်း တချို့နိုင်ငံတွေလည်း ရှင်းပြနိုင်ပြီးတော့ တချို့နိုင်ငံတွေကလည်း မိတ်ဆက်တွေ့ဆုံရတာပေါ့။ ကောင်းပါတယ်၊ အားလုံးတွေ့ရတာ အားလုံးကောင်းပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။ ။ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့ရပါတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘာများပြောလိုပါသလဲ။

ဗိုလ်ချုပ်မှူးကြီး။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကတော့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ မဟာဗျူဟာမိတ်ဖက် နိုင်ငံတစ်ခုလည်းဖြစ်တယ်။ နောက်ခွဲခြားလို့ မရတဲ့ အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်ပါတယ်။ နောက်တစ်ခါ သံတမန်ဆက်ဆံရေးကလည်း အခုဆိုရင် ၇၅ နှစ် ကျော်ကာလကို ရောက်ပြီဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်။ သမ္မတကြီးကတော့ မန္တလေးငလျင်နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေ အသက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဆုံးရှုံးမှုများအတွက်လည်း စိတ်မကောင်းတဲ့အကြောင်း နှုတ်ကလည်းထုတ်ပြောတယ်။ ပြီးရင် ဖြစ်ပြီးတဲ့အချိန်မှာလည်း ကျွန်တော့်ဆီကိုလည်း သဝဏ်လွှာသူပို့ပါတယ်။ ဒီငလျင်နဲ့ပတ်သက်ပြီးတော့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတာလည်း သူဒါလည်း အလေးအနက်ထားပြီး သူပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နောက်ပြီးတော့ နယ်မြေပိုင်ဆိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လည်း ခိုင်မာစွာထောက်ခံတဲ့အကြောင်းလည်း သူပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ နောက်တစ်ခါ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်မှာလည်း အားပေးတဲ့အကြောင်း သူ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော့်အနေနဲ့လည်း One Belt One Road လမ်းကြောင်းအပေါ်မှာလည်း ခိုင်ခိုင်မာမာရပ်တည်တဲ့အကြောင်း၊ နောက်တစ်ခါ မြန်မာနိုင်ငံကနေပြီးတော့ တက်ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ကျွန်တော်ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေလည်း အကြမ်းဖျင်းကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်။ နောက်တစ်ခုက တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော် မြှင့်တင်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒါသမ္မတကြီးကပေါ့ဗျာ၊ မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့၊ ကျွန်တော်တို့ရဲ့ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူဒါလေးထပ်ပြီးပြောပါတယ်။ တွေ့ဆုံဆွေးနွေးရတာလည်း ကောင်းမွန်တဲ့ရလဒ်ကောင်းတွေ ရရှိတယ်ဆိုတာလည်း ကျွန်တော်ပြောချင်ပါတယ်။

 

သတင်းစဉ် 

11.05.2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များExhibition of  Achievements of National Economy (VDNK)သို့ သွားရောက်လေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ Exhibition of Achievements of National Economy (VDNK)သို့ သွားရောက်လေ့လာ

နေပြည်တော်   မေ   ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ Exhibition of Achievements of National Economy(VDNK) ကို    သွားရောက် လေ့လာကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည်  Exhibition of   Achievements of National Economy (VDNK)  သို့ရောက်ရှိကြရာတာဝန်ရှိသူများက     ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် မော်စကိုမြို့ အကွက်ချပုံစံငယ် တည်ဆောက်ခြင်းပြခန်း၊ ခေတ်သစ် smart city တွင် အသုံးပြုမည့် နည်းပညာများပြခန်းနှင့်  အခြားပြခန်းများအလိုက် စိတ်ဝင်တစားဖြင့် လိုက်လံကြည့်ရှုလေ့လာကြရာ ပြခန်းများအလိုက်မှ ပြခန်းတာဝန်ခံများက  ရှင်းလင်းပြသခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

10.05.2025
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) မှ သင်တန်းသား၊ သင်တန်းသူများအား ပို့ဆောင်နှုတ်ဆက်

နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်မည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) မှ သင်တန်းသား၊ သင်တန်းသူများအား ပို့ဆောင်နှုတ်ဆက်

နေပြည်တော် မေ ၁၀

ပုသိမ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) မှ လေ့လာရေးခရီးသွားရောက်မည့် သင်တန်းသား၊ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်(ဧလာ)သို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးသည်။

အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

10.05.2025