
ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများရှိ ပြည်သူများအား လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာစခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ (Psychosocial support and counseling) ကို ဆရာဝန်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှုဆက်ဆံရေးမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများတွင် ဆောင်ရွက်လျက်ရှိသည်။
လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ (Psychosocial support and counseling) ကို (၆-၅-၂၀၂၅) ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်၊ သုခဝတီ အငြိမ်းစားအိမ်ရာ၌ အိမ်ထောင်စု (၃၃)စု၊ ငလျင် ဘေးရှောင်ဝန်ထမ်းမိသားစုဝင်များနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်၊ အထက(၃) ကျောင်း၌ အိမ်ထောင်စု (၆၀)စု၊ ငလျင်ဘေးရှောင်ဝန်ထမ်းမိသားစုဝင်များနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်၌ အိမ်ထောင်စု (၃၆)စု၊ ဇဗ္ဗူသီရိမြို့နယ်၊ အလကခွဲ ၊ ဗလသိဒ္ဓိယာယီတည်းခိုစခန်း၌ အိမ်ထောင်စု (၈)စုနှင့် ငလျင်ဘေးရှောင်ဝန်ထမ်းမိသားစုဝင်များနေထိုင်ရာ ဇေယျာသီရိမြို့နယ်၊ တက္ကသိုလ်များနယ်မြေ (ရေဆင်း)၌ အိမ်ထောင်စု (၁၆)စု၊ စုစုပေါင်းအိမ်ထောင်စု (၁၅၃)စုတို့ကို လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရေး နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့လိုအပ်သူများကို သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ငလျင်အပြီး အဆောက်အအုံ အကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်း နည်းပညာသင်တန်းပို့ချ
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် Engineering Ministries International(EMI) အဖွဲ့အစည်းတို့ကြီးမှူး၍ ငလျင်အပြီး အဆောက်အအုံအကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်းနည်းပညာ တစ်ရက်တာသင်တန်းကို မေ ၅ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် သင်တန်း ဆရာများဖြစ်ကြသော Mrs. Sarah Dunn ၊ Mr. Samuel Carrara ၊ Mr. Craig Cole ၊ Jaclyn Miller တို့က Damage Assessment, Repair & Retrofit အကြောင်း သိကောင်းစရာများကို မျှဝေပို့ချသည်။
ဆက်လက်၍ Disaster Risk Reduction for water & Sanitation အကြောင်းအရာနှင့် Build Bach Safer Training Of Trainer အကြောင်းအရာများကို ပို့ချသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းရာ သင်တန်းဆရာများက ပြန်လည်ဖြေကြားကြသည်။
အဆိုပါ တစ်ရက်တာသင်တန်းကို မေ ၁၂ ရက်တွင် ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသည့် အင်ဂျင်နီယာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀) ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက်ရောက် လာကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌMrs. Valentina Matvienko ၏ ဖိတ်ကြားချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ တစ်ပါတည်းသွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါချစ်ကြည်ရေး ခရီးစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ဧပြီ ၅ ရက်အထိ သေဆုံး သူ ၃၇၈၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၈၈ ဦးရှိသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၉၂ ဦး အား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင်အလှူရှင်များကငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၄ ရက် ညနေ ၅ နာရီမှ မေ ၅ ရက် ညနေ ၅ နာရီအတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတစ်ဆင့် Japanese Red Cross Society ကလှူဒါန်းသည့် ဆေးနှင့်ဆက်စပ်ပစ္စည်းများ (၂ ဒသမ ၆၂၅) တန် ရောက်ရှိခဲ့သည်။
ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများလက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်းသတင်းရရှိသည်။
သတင်းစဉ်