Naypyitaw State Academy

ကျောင်းဖွင့်ကာလဇွန်လတွင်Naypyitaw State Academyအဆင်သင့်ဖြစ်ရေး အသေးစားထိခိုက်မှုများပြင်ဆင်

နေပြည်တော် ဧပြီ ၂၉

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့သွားရောက်၍ လာမည့်ဇွန်လကျောင်းဖွင့်ချိန်တွင် အဆင်သင့်ဖြစ်စေရေး ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်နေသော အသေးစားထိခိုက်မှုများ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက တာဝန်ရှိသူများအား ပြန်လည်ပြုပြင်မွမ်းမံရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်အရည်အသွေးများ ပြည့်မီရေးအတွက် နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Naypyitaw State Academy ဝင်းအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့် မိသားစုများ ယာယီတည်းခိုရေးစခန်းများ၌ နေထိုင်နေမှုကို လှည့်လည်ကြည့်ရှုပြီး နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

30.04.2025
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်း လုပ်ငန်း

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်

ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို (၂၈.၄.၂၀၂၅)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။   

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ဆေးထိုးစုရပ်များဖြစ်
သည့် စည်ပင်ဧည့်ရိပ်သာ(၁)တွင် (၁၀၅၉) ဦး၊ စည်ပင် ဧည့်ရိပ်သာ (၂)တွင် (၁၂၄၀)ဦး၊ ဇမ္ဗူသီရိမြို့နယ်၊ ခုတင်၅၀ဆံ့ ဆေးရုံတွင် (၅၀၁)ဦးနှင့် ဥတ္တရသီရိမြို့နယ်၊ ခုတင် ၅၀ဆံ့ပြည်သူ့ဆေးရုံတွင် (၁၆၄၅)ဦး၊ စုစုပေါင်း(၄၄၄၅)ဦးတိုက်ကျွေးခဲ့သည်။

 အဆိုပါပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပထမအကြိမ်အဖြစ် (၂၈.၄.၂၀၂၅) ရက်မှ (၂.၅.၂၀၂၅)ရက်နေ့အထိ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (၅.၅.၂၀၂၅)ရက်မှ (၉.၅.၂၀၂၅)ရက်နေ့အထိ လည်းကောင်း၊ တတိယအကြိမ်အဖြစ် (၂၆.၅.၂၀၂၅)ရက်မှ (၃၀.၅.၂၀၂၅)ရက်နေ့အထိလည်းကောင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

29.04.2025
နေပြည်တော် ဧပြီ ၂၆ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ အမှတ်(၇) အထည်စက်ရုံ(မြစ်သား)၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)တို့သို့ရောက်ရှိပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ပြုပြင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ စိစစ်အကဲ

ထိခိုက်ပျက်စီးခဲ့သည့်စက်ပစ္စည်းကိရိယာများကို အမြန်ဆုံးစစ်ဆေးပြုပြင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်

နေပြည်တော် ဧပြီ ၂၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ အမှတ်(၇) အထည်စက်ရုံ(မြစ်သား)၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)တို့သို့ရောက်ရှိပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ပြုပြင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ စိစစ်အကဲဖြတ် ကာ ပြုစုမှတ်တမ်းတင်ခြင်းများဆောင်ရွက်ပြီး ဖွဲ့စည်းထားရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များနှင့်အညီ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီမှထုတ်ပြန်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းကိရိယာများကိုလည်း အမြန်ဆုံးစစ်ဆေးပြုပြင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံ၌ ဆောက်လုပ် ထားသည့် အဆောက်အအုံများသည် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးထားရမည် ဖြစ်ကြောင်း၊ သွေးကြောသွင်း ဆေးရည်များသည် ပြည်သူလူထု၏ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြု၍ အမြန်ဆုံးလည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကမှ ဆောင်ရွက်လျက်ရှိသည့် စဉ့်ကိုင်မြို့နယ်ရှိ မြန်မာမန္တလေး ဖူရှင်းစတီးလ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအနေဖြင့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရေးအတွက် စက်ရုံရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးသည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင်လည်း စမ်းသပ်စစ်ဆေး၍ အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ သို့မှသာ စက်ရုံမှထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲသူပြည်သူများက ယုံကြည်စိတ်ချစွာ အသုံးပြုလာမည်ဖြစ်ကြောင်း၊ သံ၊ သံမဏိများကို အရည်အသွေးကောင်းမွန်စေရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများနှင့်ပတ်သက်၍ နည်းပညာများကို မျှဝေပေးရမည် ဖြစ်ကြောင်း၊ သံနှင့် သံမဏိထုတ်ကုန်များ အရည်အသွေးကောင်းမွန်လျှင် မြေငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက သုံးစွဲသူပြည်သူများ ထိခိုက်ပျက်စီးမှု၊ ဘေးအန္တရာယ် ဖြစ်ပွားမှုလျော့နည်းမည်ဖြစ်၍ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားကာ သံမဏိချောင်း အရွယ်အစားမျိုးစုံထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

27.04.2025
ဘိလပ်မြေ

ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများအဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဧပြီ ၂၅

မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုနှင့်ဆက်စပ်၍ ဈေးကွက်၌ ဘိလပ်မြေဝယ်လိုအား မြင့်တက်ခဲ့သဖြင့် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးအချို့တွင်ရောင်းဝယ်လျက်ရှိသည့်ဆောက်လုပ်ရေးပစ္စည်းဆိုင်များကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များ က ဧပြီ ၂၃ ရက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်နှင့် ဂိုဒေါင်တစ်လုံးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၄ မြို့နယ်မှဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၇ ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့် ကုမ္ပဏီသုံးခုတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၈ ဆိုင်တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် လေးဆိုင်တို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၁၉ ဆိုင်တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်တို့ကိုလည်းကောင်း ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခဲ့ရာ စုစုပေါင်းဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂၀ ကို စစ်ဆေးတွေ့ရှိချက်များအရ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင် ၃၀၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသော ဆိုင် ၃၂ ဆိုင်နှင့် ဘိလပ်မြေအိတ်များအား မသမာသည့်နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ရတနာသီရိရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင်အပါအဝင် ရှစ်ဦးတို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချသူများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

26.04.2025