
ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သ
ရန်ကုန် မေ ၁
မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီကကြီးမှူးကျင်းပသည့် ငလျင်ဒဏ်နှင့်သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ မက်သဒစ်အင်္ဂလိပ်အသင်းတော် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
ဆုတောင်းခြင်းအစီအစဉ်သို့ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီအဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင် ဒေါက်တာ မောင်မောင်နိုင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က အမှာစကားပြောကြားသည်။
ထို့နောက် အစီအစဉ်အတိုင်း သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဓမ္မဒေသနာရွတ်ဖတ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းတို့ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးစကားများပြောကြားကြသည်။
ယင်းနောက် မန္တလေးငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူများအပါအဝင် ပြည်တွင်း ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ၊ အသင်းတော်အဖွဲ့အစည်း အသီးသီးတွင် ကူညီဆောင်ရွက်ပေးကြသူများ၊ ဆေးအဖွဲ့များ၊ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသူများ၊ သဘာဝဘေးအခက်အခဲကြုံတွေ့တိုင်းပေးလှူကူညီခဲ့ကြသည့် အလှူရှင်များ၊ အမိမြန်မာပြည်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာများပို့သကြသည်။
သတင်းစဉ်

မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များကိုဝယ်ယူရန် ရုရှားနိုင်ငံမှကမ်းလှမ်း
မြန်မာ့ဒေသထွက် သရက်သီးနှင့် သရက်သီးခြောက်ကို ရုရှားနိုင်ငံသို့တင်ပို့ရန် ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ကမ်းလှမ်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ရုရှားနိုင်ငံမှ စိန်တလုံးသရက်သီးကို အဓိကဝယ်ယူရန် စိတ်ဝင်စားပြီး သရက်သီးအပြင် သရက်သီးခြောက်များကို ဝယ်ယူရန်ကမ်းလှမ်းထားသဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။မြန်မာ့ဒေသထွက်ကုန် သရက်သီးနှင့်သရက်သီးခြောက်များကို မြန်မာ-ရှရှား စီးပွားရေးကောင်စီနှင့် အဖွဲ့ဝင်များအနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်းမှစတင်ကာ ဝယ်ယူမှာဖြစ်ကြောင်းနှင့် ဝယ်ယူရာတွင် သရက်သီးရောင်းဝယ်ရေးလုပ်ကိုင်နေကြသူများ၊ သရက်သီးစိုက်ပျိုးသည့်တောင်သူများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေး ဆောင်ရွက်နေပြီး တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမည်ဖြစ်ကြောင်း၊ သရက်သီးစိုက်ပျိုးရောင်းချသူများနှင့် သရက်သီးအဓိက ရောင်းချသည့် လုပ်ငန်း/ကုမ္ပဏီများအနေဖြင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ငလျင်ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ အကူအညီ၊ အထောက်အပံ့များ ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိကာလအထိ အလှူငွေလက်ခံရရှိမှု အခြေ အနေများ၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြည်တွင်း/ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရနိုင်ရေးနည်းလမ်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက်နိုင်ငံတော်ဘတ်ဂျက်မှ ရန်ပုံငွေခွင့်ပြုချက်ရရှိထားမှုအခြေအနေ၊ ၂၀၂၁ ခုနှစ် မတိုင်မီ ကာလက ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိမှု အခြေအနေများ၊ လက်ရှိ ကာလတွင်အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ငလျင်ဘေး ဖြစ်ပွားပြီးကာလအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ၏ ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေ၊ ယခင်ကာလများတွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိခဲ့မှု အခြေအနေများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်