မြိတ်မြို့၌ ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၂၅)ကို မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ မေ ၅ ရက် နံနက်ပိုင်းက ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရေလုပ်သားများ နှစ်စဉ်ငါးဖမ်းရာသီကာလများနှင့်အမျှ ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးကြပြီး လုပ်ငန်းခွင်အခက်အခဲများနှင့် ရာသီဥတု/သဘာဝဘေးအန္တရာယ်များ အစဉ်ကြုံတွေ့ရလေ့ရှိသဖြင့် ရေလုပ်သားများ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် လုပ်ငန်းခွင့်အတွေ့အကြုံ အသိပညာများ ပိုမိုကျွမ်းကျင်မှုရှိစေရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် ပင်လယ်ပြင်တွင် အောင်သူဇော်-၁၁၇ ဝိုင်းချုပ်ငါးဖမ်းရေယာဉ်မှ ငါးဖမ်းဆီးနေစဉ် လင်းပိုင်ကိုးကောင် ဖမ်းဆီးရမိသဖြင့် ပြန်လည်လွှတ်ပေးခြင်းအတွက် ပဲ့နင်းနှင့်ရေလုပ်သားများအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေကျပ်သိန်း ၃၀ ကို ပေးအပ်သည်။

အဆိုပါသင်တန်းတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာသိကောင်းစရာများ၊ VMS နှင့် ပတ်သက်သည့် ညွှန်ကြားချက်များ၊ ပင်လယ်ငါးဖမ်းရေလုပ်သားများ လုပ်ငန်းခွင်အတွင်း ထိခိုက်မှု မရှိစေရေး၊ အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရေးနှင့် တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီးခြင်းဆိုင်ရာများ၊ ရှေးဦးပြုစုခြင်းနှင့် မီးဘေးအန္တရာယ်နှင့် မီးငြှိမ်းသတ်ခြင်းစသည့် ဘာသာရပ်များကို နံနက် ၉ နာရီမှ ဆွေးနွေးပို့ချခဲ့ကာ ညနေ ၅ နာရီအထိ သင်တန်းသား ပဲ့နင်းနှင့် ရေလုပ်သား ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။