ပေါင်းလောင်းရေလှောင်တမံ

ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် မေလ  ၁၈ ရက်နေ့ နံနက်ပိုင်း နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ 

ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပေါင်းလောင်းရေလှောင်တမံ အပေါ်ယံအက်ကြောင်းများ ဖြစ်ပေါ်ခဲ့မှုအပေါ် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပထမအဆင့် ထိခိုက်ပျက်စီးခဲ့မှုအား ပြင်ဆင်ဆောင်ရွက်ရန်စတင်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှုအစီရင်ခံစာပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပြင်ဆင်ဆောင်ရွက်ရာတွင် လက်ရှိပျက်စီးနေမှုနှင့် ပျက်စီးနိုင်ခြေရှိသောအခြေအနေများအပေါ် အခြေခံကာ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှရရှိလာသော ဒီဇိုင်းများအပေါ် ရေရှည်ခိုင်ခံ့မှုကောင်းမွန်စေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ 

ပေါင်းလောင်းတမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံတွေ့လာရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အသေးစိတ်ကြည့်ရှုနိုင်ရန် Dam Monitoring စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပြီး လက်ရှိစစ်ဆေးတွေ့ရှိမှုအခြေအနေများအရ ရေလှောင်တမံကြံ့ခိုင်လုံခြုံမှု အခြေအနေမှာကောင်းမွန်ပြီး စိုးရိမ်ရန်မရှိကြောင်း၊ ပေါင်းလောင်းရေလှောင်တမံသည် ဘက်စုံရေလှောင်တမံတစ်ခုဖြစ်ပြီး လျှပ်စစ်ထုတ်လွှတ်ရေမှ   ပိုလျှံရေများကို ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးပြုနေသော စီမံကိန်းတစ်ခုဖြစ်ပြီး (၂၀၂၄-၂၀၂၅) ခု နွေစပါးရေပေးရာသီတွင် နွေစပါးနှင့်နွေသီးနှံဧက ၉၁၇၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုဆည်ရေသောက် ဧရိယာအတွင်းရှိ ကျောက်အိုးလျှိုပိတ်တမံ မန္တလေးငလျင်ကြီး  လှုပ်ခတ်မှုကြောင့် တမံကိုယ်ထည်နှင့် ရေထုတ်ပြွန်ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနနှင့် စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)၌  ဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

19.05.2025
MDD

နေပြည်တော်နှင့် မန္တလေးမြို့များအတွင်း ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား သက်သာ သောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၁၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေ ၁၈ ရက်တွင် ၄၈ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေ ၁၈ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ Export Quality) ၄၅ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၁၇ အိတ်၊ ဆီ ပိဿာ ၁၃၂၀ ၊ ဆား ၇ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၄၅ ထုပ်၊ ငါးပိ ၁ ပိဿာ ၄၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ အထုပ် ၂၀ ၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ကြက်ဥအလုံး ၄၂၀၊ ဘဲဥ အလုံး ၅၀၊ ခေါက်ဆွဲခြောက် ကိုးထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်း များ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်

19.05.2025
ပြည်သူ့စစ်မှုထမ်း

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား သွားရောက်တွေ့ဆုံ

 

နေပြည်တော် မေ ၁၈ 

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက  ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတို့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် အဝတ်အထည်များ ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်

19.05.2025