

Made in Myanmar ထုတ်ကုန်များ ပြင်သစ်မှာ သွားရောက်ပြသနိုင်ကြောင်းဖိတ်ခေါ်
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပမည့် Apparel Sourcing Paris 2025 တွင် ပါဝင်ပြသနိုင်ရန်အတွက် Made in Myanmar ထုတ်ကုန်များ လာရောက်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။
ထိုပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် ဥရောပဝယ်လက်များနှင့် ချိတ်ဆက်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိမည်ဖြစ်ပြီး ပြခန်းပြသလိုပါက ပြခန်းကုန်ကျငွေကို စရိတ်မျှခံစနစ်ဖြင့်ကျခံကာ လိုက်ပါနိုင်ကြောင်းနှင့် လိုက်ပါလိုသူများအနေဖြင့် လေယာဉ်ခ၊ ဗီဇာလျှောက်ထားခြင်း၊ ဟိုတယ်ခများနှင့် ကိုယ်ပိုင်အသုံးစရိတ်များ ကိုယ်တိုင်ကျခံနိုင်ရမည်ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့ထိ Paris Le Bourget တွင် ကျင်းပမည့် Apparel Sourcing Paris 2025 သည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားဖြစ်ဝယ်ယူသူများအတွက် အခြေခံပစ္စည်းများမှတစ်ဆင့် အဆန်းသစ်ဆုံးနှင့် အရည်အသွေးအမြင့်ဆုံး ထုတ်ကုန်များအထိ စုံလင်စွာ ရှာဖွေဝယ်ယူနိုင်သည့် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။


ပင်းပက်သံမဏိစက်ရုံစီမံကိန်း အပြီးသတ်ပေးမည်ဟု ရုရှား TPE ပြောကြား
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက်သည့်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်၊ အခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရုရှားအစိုးရပိုင် TPE Co., Ltd. မှ အဖွဲ့ခေါင်းဆောင်က ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
TPE ကျွမ်းကျင်ပညာရှင်အဖွဲ့အနေဖြင့် ပင်းပက်သံမဏိစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit တွင် တပ်ဆင်ထားရှိသည့် စက်ကိရိယာများကို စစ်ဆေးခြင်းနှင့် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ (၈) မိုင်ခန့်အကွာ ပင်းပက်ဒေသတွင်ရှိသည့် မြေ (၅,၂၆၀) ဧကပေါ်တွင် တည်ဆောက်ထားသည်။
ရုရှားဘက်ကလည်း စီမံကိန်းအတွက် ယူရို (၁၀.၅) သန်းတန်ဖိုးရှိသည့် နည်းပညာအကူအညီများ ပေးအပ်ထားပြီး စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ကြီးကြပ်ရန်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် သံမဏိစက်ရုံ (၁) ရုံ၊ စက်မှုဝန်ကြီးဌာနပိုင် (၂) ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် စက်ရုံ (၃) ရုံ ရှိပြီး ပုဂ္ဂလိကမှတ်ပုံတင် သံရည်ကျိုလုပ်ငန်း (၃၆၂) ခု ရှိတယ်လို့ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့်ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲကျင်းပမည်
နေပြည်တော် မေ ၂၂
ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။
သုံးသပ်ဆွေးနွေးပွဲတွင် “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ၊ “စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ”၊ “စီးပွားရေးပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း” စသည့်ခေါင်းစဉ်သုံးခုကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ UMFCCI ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်တွင်းရှိ MSME လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ စီးပွားရေးကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများ (Observer) လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်သည်။
သုံးသပ်ဆွေးနွေးပွဲကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ ပြည်ပဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအား သိရှိနိုင်စေရန်နှင့်မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကျင်းပနေမှုကို MOI Website အပါအဝင် Myanmar Narrative Facebook Page ၊ MRTV Facebook Page တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
သုံးသပ်ဆွေးနွေးပွဲတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://myanmarnarrative.org/ ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ ဖုန်း ၀၆၇ - ၃၄၁၂၂၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်

ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၅၀) ဦးအား ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၅၀)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို မေလ ၁၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအနေဖြင့် မိမိဒေသလုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တည်ငြိမ်မှုရှိစေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်နိုင်ရေး၊ ထူးခြားဖြစ်စဉ်များ၊ နယ်မြေသတင်းများ ရရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့နိုင်ရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးရဲလင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် တာဝန်ရှိသူများကမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်(၅၀) ဦးအား တစ်ဦးလျင် (၂၀၄,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။