
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပညာရေးဒီဂရီကောလိပ် အားကစားရုံအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြန်မာ့လက်ရွေးစင် မချစ်နိုဒီဆောင်းနှင့်အဖွဲ့က ဗိုဗီနမ်အားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် နိုင်ငံတော်၏ “ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုပြီး ချမှတ်ထားရှိပါကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန်နှင့် အကျင့် စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးနေခြင်း ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူငယ်ရေးရာမူဝါဒတွင် လူငယ်ဆိုင်ရာအဓိကကဏ္ဍ (၁၆) ရပ်ပါရှိပါကြောင်း၊ လူမှုရေး ဦးတည်ချက်၏ ဒုတိယအချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကာ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား/သင်တန်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ လာရောက်ဟောပြောပို့ချပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက ဗိုဗီနမ် အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၌ ငလျင်ဘေးသင့်၍ နေထိုင်ရန်ခက်ခဲသော ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင်တည်ဆောက်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ငလျင်ဘေးကြောင့် နေထိုင်ရန်အခက်အခဲရှိသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင် တည်ဆောက်နေကြောင်း သိရသည်။
အဆိုပါ Container House များကို ၆၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းတွင် နေရာချထားပေးပြီး မြေညှိခြင်းနှင့် တပ်ဆင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၂၀ ရက်အထိ Container House အလုံး ၂၀ ပြီးစီးပြီဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“Container House တွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတာဖြစ်ပါတယ်။ တပ်ဆင်ရာမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံနဲ့ ကုန်ဌာနအပြင် ဆက်စပ်တဲ့ဌာနတွေ ပူးပေါင်းပြီး စက်ယန္တရားများအကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်မီးရရှိရေး၊ သောက်ရေရရှိရေးနဲ့ မိလ္လာစွန့်ပစ်ဖို့ကစလို့ ဆောင်ရွက်ပေးမှာပါ”ဟု ၎င်းက ပြောသည်။
Container House များကို ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ ၆၆ လမ်းအရှေ့ဘက်တွင် အရာထမ်းများအတွက် ၆၄ လုံး၊ လမ်းအနောက်ဘက်တွင် အမှုထမ်းများအတွက် ၈၆ လုံး စုစုပေါင်းအလုံး ၁၅၀ တပ်ဆင် တည်ဆောက်ပေးနေပြီး အဆောက်အအုံများကြားသွားလာနိုင်ရန် လမ်းများဖောက်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်၍ Container တစ်လုံးလျှင် အလျား ပေ ၂၀၊ အနံ ၁၀ ပေ၊ အမြင့် ၈ ပေခွဲခန့်ရှိကြောင်း သိရသည်။
“Container House တစ်ခုစီရဲ့ အမိုးအကာ၊ အခင်း၊ တံခါး စတဲ့လိုအပ်တာတွေက Packing နဲ့ ရောက်လာတာကို ဒီမှာ ပြန်လည်တပ်ဆင်တည်ဆောက်ရတယ်။ ပထမတစ်လုံး နှစ်လုံး တပ်ဆင်တုန်းက မကျွမ်းကျင်သေးလို့ တည်ဆောက်ချိန်ကြာပေမယ့် နောက်တော့ ကျွမ်းကျင်ပြီး မြန်လာတယ်” ဟု ဆက်လက်ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ငလျင်ဒဏ်သင့် အဆောက်အအုံများ ၊ ရှင်းလင်းဖယ်ရှားရေး၊ ငလျင်ဘေးကြောင့် အခက်အခဲရှိသူများအား ယာယီအဆောက်အအုံများ တည်ဆောက်နေရာချထားရေး၊ သောက်သုံးရေရရှိရေး၊ သန့်ရှင်းရေး စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် အခမဲ့ထောက်ပံ့သွားမည်ဖြစ်
နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိရာ ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းအပ်နှံမည့် ကျောင်းသား/ ကျောင်းသူများအတွက် အခမဲ့ပညာရေးအဖြစ် သူငယ်တန်းမှ ဒွါဒသမတန်းအထိ သက်ဆိုင်ရာ အတန်းအလိုက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ အစရှိသည်တို့ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကာလအဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက် အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝ ကောက်ခံသွားမည်မဟုတ်ကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း မိဘပြည်သူများအနေဖြင့် ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုကြရန်၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးတို့အတွက် မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။
ကျန်းမာရေးကဏ္ဍအနေဖြင့် နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေပြည့်မီအောင် ထိုးနှံရေးတို့ကို မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် စည်းကမ်းများအနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ E-စီးကရက် (Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့ကို မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံ အသိပေးထားသည်။
ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် မေ ၁၉
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၉ ရက်အထိ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးအား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၅ ဦး ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၆ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် ဆေးဝါး Paracetamol ဖာ ၂၀ (အလေးချိန် ၀ ဒသမ၂၈၅ တန်) နှင့် မေ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် လိမ်းဆေးနှင့် အိမ်သုံးဆေးဝါး ၁၉ ဖာ (အလေးချိန် ၀ ဒသမ၂၇၉ တန်) ရောက်ရှိခဲ့ပြီး အဆိုပါ အိန္ဒိယနိုင်ငံက ထောက်ပံ့သည့် ဆေးနှင့်ဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်