ကလေးအလုပ်သမားပပျောက်ရေး

ကျောက်တလုံးကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသား လူငယ်များနှင့် ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို မေလ ၁၉ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြသခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ကို နွေရာသီကျောင်းပိတ်ရက်အတွင်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုကြပြီး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်၊ ကလေးအလုပ်သမားဟု သတ်မှတ်နိုင်သည့် အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများ စသည်တို့ကို ထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေး အကြောင်းအရာများကို ကျောင်းသား/သူများ၊ ပြည်သူများ ပိုမိုသိရှိ‌စေရေး အသိပညာပေး လုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

21.05.2025
လူငယ်ပညာရှင်

နိုင်ငံ့အကျိုးပြု စွမ်းရည်မြင့် လူငယ် IT ပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေး အလေးထားဆောင်ရွက်

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ မတ် ၁၄ ရက် ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မဆောင်အဆောက်အအုံတွင် မွမ်းမံရေးလုပ်ငန်းများ၊ ဘက်စုံသုံး ခန်းမနှင့် Theater တို့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လာမည့် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ကွန်ပျူတာစက်ခန်းများ၊ စာကြည့်တိုက်၊ K-Lab တို့တွင် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ် လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာ၍ စနစ်တကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလုပ်သင်အစီအစဉ် (Internship)ဖြင့် လာရောက်လေ့လာလျက်ရှိကြသော ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာ အရွေ့နှုန်းတို့နှင့်အတူ အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်က အမှန်တကယ် အားထားရသော ကမ္ဘာ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှု မျက်နှာစာအထိ ထိုးဖောက်နိုင်သော စွမ်းရည်မြင့် လူငယ် IT ပညာရှင်များဖြစ်စေရေး ရည်မှန်းလျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းသားများအတွက် စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

21.05.2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲတွင် ဒဂုံ (၁) မှ တစ်ဦးချင်းတတိယဆုများရရှိ

 

ဒဂုံမြို့နယ်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား/ကျောင်းသူများသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ ဖက်ဒရယ်နယ်မြေ  ဆိုင်ရပ်စ်၌ ကျင်းပသော The Open International Biology Olympic(OIBO) 2025 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအတွင်း တစ်ဦးချင်း တတိယဆုများ ဆွတ်ခူးခဲ့ကြပြီး မေ ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး  ဦးဌေးအောင်၊  ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက နိုင်ငံတော်အလံများ၊ ဗီနိုင်းပိုစတာနှင့် ပန်းစည်းများကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။  

အဆိုပါ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲသည်  စက်မှုလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့်  အတွေ့အကြုံဖလှယ်ခြင်းတို့ကို  ဖွံ့ဖြိုးတိုးတက်စေမည့် ကျောင်းသားလူငယ်များအား လက်ရှိ ဇီဝဗေဒနှင့်ဇီဝနည်းပညာဆိုင်ရာ  ပြဿနာများကို လေ့လာရန်နှင့် ဖြေရှင်းရန်အတွက်ရည်ရွယ်သည့် နိုင်ငံတကာ ဇီဝဗေဒပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံစီကို အသင်းတစ်သင်းအဖြစ်  ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ မေ ၁၀ ရက်မှ ၁၇ ရက်အထိ ပြိုင်ပွဲ ကာလတစ်လျှောက် Zoology ၊ Botany ၊ Practical ပြိုင်ပွဲများမှ  တစ်ဦးချင်းတတိယဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီ (Sochi) မြို့တွင် ၇ ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်  အခြေခံပညာအဆင့်တွင် ဒဂုံမြို့နယ်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆ ဦး  လိုက်ပါယှဉ်ပြိုင်ခဲ့ကြရာ တစ်ဦးချင်းအလိုက် တတိယဆုများကို ရရှိခဲ့ကြောင်းသိရသည်။

21.05.2025
MDD

အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်

၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာဆီယံ ယူ-၁၉  အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို  ဇွန် ၉ ရက်မှ ၁၈ ရက်အထိ  ဗီယက်နမ်နိုင်ငံ  ဟိုချီမင်းမြို့၌  ကျင်းပမည်ဖြစ်ပြီး  အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲပွဲကို မေ ၉ ရက်က ပြုလုပ်ရာ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် အိမ်ရှင် ဗီယက်နမ်၊ မြန်မာ၊ လာအို၊ တီမော၊ အုပ်စု(ခ)တွင် လက်ရှိ ချန်ပီယံ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။

ယင်းပြိုင်ပွဲကို  လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြီးနောက် ယခု ၂၀၂၅ ခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး မေ ၈ ရက်ကတည်းက လေ့ကျင့်ပြင်ဆင်နေကာ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အပြီးတွင် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်တွင် ထိုင်းအသင်းက နှစ်ကြိမ်၊ ဩစတြေးလျအသင်းက တစ်ကြိမ် ဗိုလ်စွဲထားပြီး မြန်မာအသင်းသည် သုံးကြိမ်စလုံး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သော်လည်း တတိယ နှစ်ကြိမ်နှင့် စတုတ္ထတစ်ကြိမ် ရရှိထားသည်။ 

21.05.2025
နှစ်သိမ့်ဆွေးနွေး

ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပထမနိမ္မိတသပိတ်  မြတ်ဘုရားတောင်ပေရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မူမူသိန်းက ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းရာများကို ဒေသခံပြည်သူများ ပိုမိုသိရှိစေရန် Power Point slide များဖြင့် ဟောပြောပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ငလျင်ဘေး၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး ကြိုတင်ကာကွယ်ရေးအကြောင်းအရာများပါဝင်သော  သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးလက်ကမ်းစာစောင်ကို  ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေးဟောပြောပွဲသို့  ကျောက်တလုံးကြီးမြို့  အုပ်ချုပ်ရေးမှူး  ဦးသက်နိုင်နှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ  ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းနှင့် အဆိုပါအသိ ပညာပေးဟောပြောပွဲများကို ကျောက်တလုံးကြီးမြို့ နောင်ခဲကျေးရွာ၊ ဟမ်းဆီးကျေးရွာနှင့် နောင်ကားကျေးရွာတို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

21.05.2025