မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး

နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire သည် မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နီပေါသံအမတ်ကြီးတို့ တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ အီလက်ထရောနစ် ကျန်းမာရေး သတင်းအချက်အလက်စနစ်၊ အီလက်ထရောနစ်ဆေးမှတ်တမ်းစနစ်၊ အီလက်ထရောနစ် ပြည်သူ့ ကျန်းမာရေးသတင်းအချက် အလက်စနစ်နှင့် အီလက်ထရောနစ်ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲမှုစနစ် အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေး ပညာရှင်များ၊ အထူးကုဆရာဝန်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နီလာခန်းမ၌ တွေ့ဆုံစဉ် စာရင်းစစ်ဆေးရာ၌ Manual မှ Digital စနစ်သို့ ပြောင်းလဲလာမှုများ၊ နည်းပညာအသုံးချဆော့ဝဲလ်များ အသုံးပြုနေမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအသုံးပြု၍ IT Audit ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။