အရှေ့တောင်အာရှဒေသတွင်း၌ ဆိုက်ဘာလိမ်လည်မှု ကွန်ရက်များ များပြားလာ
- 4 views
နေပြည်တော် ဇွန် ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ဇွန် ၁၁ ရက်မှ ၁၂ ရက်အထိ “Shaping the Future” ကမ္ဘာကြီး၏ အနာဂတ်ကို ပညာရေးဖြင့်ပုံဖော်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ကာဇန်မြို့၌ ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီး Sergey Kravtsov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် IT Park အဆောက်အအုံရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ နှစ်နိုင်ငံပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သတင်းထောက်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး IT Park အဆောက်အအုံ၌ ဖွင့်လှစ်ထားရှိသည့် ကလေးငယ်များအား ဒစ်ဂျစ်တယ်နည်းပညာ အသုံးချလက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိသော သင်တန်းခန်းမများသို့ သွားရောက်လေ့လာခဲ့သည်။
ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအဆောက်အအုံအတွင်း ခင်းကျင်း ပြသထားသည့် ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ဒစ်ဂျစ်တယ်ပညာရေးစနစ် ဆောင် ရွက်နေမှုပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် “Shaping the Future” ကမ္ဘာကြီး၏အနာဂတ်ကို ပညာရေးဖြင့် ပုံဖော်ခြင်း ဟူသော ခေါင်းစဉ်ဖြင့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ကျင်းပရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ Vladimir Putin နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergey Lavrov’s တို့က အွန်လိုင်း မှ အမှာစကား ပြောကြားကြသည်။
ယင်းနောက် တာတာစတန်အုပ်ချုပ်ရေးမှူးက ရုရှားနိုင်ငံ သမိုင်းကြောင်းနှင့် သင်ရိုးညွှန်းတမ်းများတွင် သမိုင်းသင်ကြားရေး အရေးပါပုံများကိုလည်းကောင်း၊ ပညာရေးဝန်ကြီး Sergey Kravtsov က ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက် ရောက်လာသော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြသည်။
ဖိုရမ်အပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် Buryatia သမ္မတနိုင်ငံ ပညာရေးနှင့် သိပ္ပံဝန်ကြီး Pozdnyakov Valery Anatolyevich နှင့် ပညာရေး ပူးပေါင်းဆောင်ရွက်ရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး Altai State Pedagogical တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘာသာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် Road Map ကို လက်မှတ်ရေးထိုးခဲ့သည်။
ညပိုင်းတွင် ခေတ္တတည်းခိုရာ Kazan Palace ဟိုတယ် Topaz (Crystal) Hall ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ဖိုရမ်သို့ တက်ရောက်လာကြသော ပညာရေးဝန်ကြီးများ၏ အလုပ်သဘော နံနက်စာသုံးဆောင်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် ကာဇန်မြို့ရှိ Adymnar Secondary School သို့ သွားရောက်လေ့လာရာ ကျောင်း၏တာဝန်ရှိသူများက ကျောင်းအဆောက်အအုံအတွင်း စာသင်ခန်းများ၊ စာကြည့်တိုက်၊ အားကစားခန်းများ၊ စုဝေးခန်းမများနှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးချသင်ကြားသင်ယူမှု ဆောင်ရွက်ခြင်းများကို ရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော် ဇွန် ၁၃
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ ရတနာစေတီဆင်များရှင်ဘုရားနှင့် ဆွမ်းဦးပုညရှင်စေတီများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်နေမှု အခြေအနေများနှင့် စေတီတော်ပုရိဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းရေးဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် စစ်ကိုင်းမြို့ ဆွမ်းချက်ရပ် ရွှေစေတီ ပရိယတ္တိစာသင်တိုက်နှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ရန်အောင်မြင်ဆုတောင်းပြည့်မြတ်စွာဘုရား၊ သကျဓီတာသီလရှင်စာသင်တိုက်၊ မိုးညှင်းတောရကျောင်းတိုက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လူနေအဆောက်အအုံများကို စက်ယန္တရားကြီးအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ဓမ္မသီလကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကြပြီး ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော သာသနိကအဆောက်အအုံများအတွက် ဘိလပ်မြေအိတ် ၁၀၀ အား လှူဒါန်းခဲ့ကြသည်။
အလားတူ မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ပြန်လည်စစ်ဆေးကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံ၍ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် မေးခွန်း/အဖြေလွှာများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုစဉ်ကာလအတွင်း အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးတို့အတွက် ဌာနအလိုက် ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည် မန္တလေးတိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မဟာအောင်မြေ ခရိုင်ပညာရေးမှူး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့မှ မြို့နယ်ပညာရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်များသို့သွားရောက်၍ ပြန်လည်ကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ်သို့ သွားရောက်၍ ပြန်လည်ကျင်းပမည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းမှု စနစ်တကျစီစဉ်ဆောင်ရွက်ထားရေး၊ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်စေရေး၊ မေးခွန်း/အဖြေလွှာစသည့် စာရွက်စာတမ်းများကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီများ စီစဉ်ဆောင်ရွက်ထားရှိပေးနိုင်ရေး၊ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ အချိန်မီသွားလာနိုင်ရန် တာဝန်ရှိသူများက တတ်နိုင်သည့်နည်းလမ်းများဖြင့် ကူညီဆောင်ရွက်ပေးသွားရေးတို့ကို မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဦးပွားစေတီတော်မြတ်ကြီးနှင့် အာနန္ဒာမြတ်စွာဘုရားများသို့ သွားရောက်၍ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျောင်းတိုက်အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ဘုရားစေတီအပျက်အစီးများကို တပ်မတော်သားစစ်သည်များက အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားနေမှုများ၊ သံဃာတော်များ ခေတ္တသီတင်းသုံးရန် ယာယီကျောင်းဆောင်များ ဆောက်လုပ်ထားရှိမှုအခြေအနေများ၊ ဘုရားဝင်းအတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် အခမဲ့ဆေးပေးခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အပျက်အစီးများ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
နေပြည်တော် ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၄) သို့ တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်အားကစားခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်ရာ သင်တန်းသားများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် ဇွန် ၁၃
ပြည်ပပို့ကုန် ငါး၊ ပုစွန် မွေးမြူထုတ်လုပ်မှု နှစ်ဆတိုးမြှင့်နိုင်ရေး၊ အဆင့်မြင့်ကုန်ချောထုတ်လုပ်တင်ပို့နိုင်ရေး၊ ခေတ်မီနည်းပညာများကို အသုံးပြု၍ အစားအစာဘေးအန္တရာယ်ကင်းရှင်းသော အဆင့်မြင့်ကုန်ချောများ တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် သီရိအဏ္ဏဝါခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာ့ပင်လယ်ပြင်အတွင်း ကမ်းနီးကမ်းဝေ ငါးဖမ်းခြင်း၊ ရေထွက်သယံဇာတများ ဖမ်းယူရောင်းချမှုများ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာလျက်ရှိရာ ငါး၊ ပုစွန်နှင့် ကင်းမွန်စသော ရေသတ္တဝါများ ရှားပါးမှု၊ မျိုးသုဉ်းပျောက်ကွယ်မှု မဖြစ်ပေါ်စေရေးအတွက် ဖမ်းယူရောင်းချခြင်းမှ မွေးမြူရောင်းချခြင်းသို့ ပြောင်းလဲကြရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်နှင့် ပြည်ပတင်ပို့ရောင်းချနိုင်ရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြရန်လိုကြောင်း၊ ငါး၊ ပုစွန်မွေးမြူရန် လျှောက်ထားရယူထားကြသူများအနေဖြင့် အမှန်တကယ် ထိထိရောက်ရောက် မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ ရေသယံဇာတထွက်ကုန်ပစ္စည်းများ ခိုင်မာသော ပြည်ပစျေးကွက်ရရှိရေးအတွက် နိုင်ငံတကာက လက်ခံနိုင်သော စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ် ၍ နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်ရေး ကြိုးပမ်းရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငါးလုပ်ငန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေနေရာကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Fresh & Green Co.,Ltd. သို့ သွားရောက်ပြီး Coldstorage (5000 MT) ရေသန့်ရေခဲ ( 90 ) MT နှင့် တန် ၂၀၀၀ ကျ ဟင်းသီးဟင်းရွက်၊ နွားနို့၊ အသား၊ ငါး အပါအဝင် ရေထွက်ကုန်သိုလှောင်ခန်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မီဒီယာဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန(ရုံးချုပ်)၊
ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊
နေပြည်တော်။
ဆက်သွယ်ရန်ဖုန်း - ၀၆၇၃-၄၁၂၈၆၂