
အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ
ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဆက်လက်ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးပွဲလေ့လာသူအဖြစ် တက်ရောက်သည့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယနေ့တွင် သင်တန်းဆရာများကဦးဆောင်၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများသည် အစိုးရပြောရေးဆိုခွင့်ရှိသူများအနေဖြင့် လူထုနှင့် ထိရောက်သောဆက်ဆံရေးဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားရှိရမည့် စိတ်နေစိတ်ထား၊ အသံအနေအထားနှင့် ကိုယ်ဟန်အနေအထားဆိုင်ရာ၊ မီဒီယာများနှင့်ချိတ်ဆက်၍ သတင်းစာရှင်းလင်းပွဲကျင်းပမှုဆိုင်ရာ၊ တွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်မှုဆိုင်ရာ၊ မီဒီယာများနှင့် ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ၊ ဝက်ဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအသုံးပြုခြင်းဆိုင်ရာ အကြောင်းအရာများကို အဖွဲ့လိုက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့်အစိုးရတာဝန်ရှိသူများအကြား ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့်ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သောကျွမ်းကျင်မှုနှင့် အသိပညာများဖလှယ်နိုင်ရန် ရည်ရွယ်ပြီး အာဆီယံပြန်ကြားရေးဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှုရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲအစီအစဉ်များအပြီးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် သင်တန်းနည်းပြများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သိရသည်။

ထိရောက်သောလူထုဆက်ရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသည့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို ညစာဖြင့်တည်ခင်းဧည့်ခံ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖေဖော် ဝါရီလနေ့မှ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ တာဝန်ယူကျင်းပမည့် ထိရောက်သောလူထုဆက်ရေးအတွက် အစိုးရပြောရေး ဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။
အဆိုပါ ညစာစားပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးပို့ချကြမည့် သင်တန်းနည်းပြများ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အလုပ်ရုံဆွေးနွေးပွဲကို လေ့လာသူများအဖြစ်တက်ရောက်လာကြသည့် ဂျပန်နိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက အစိုးရ၏ဆက်သွယ်ညှိနှိုင်းပြောဆိုရေးကဏ္ဍတွင် အရည် အသွေးနှင့်ထိရောက်မှုကိုမြှင့်တင်ရန် တူညီသောကတိကဝတ်များနှင့် စည်းလုံးညီညွတ်စွာဖြင့် အာဆီယံဒေသအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များအားလုံး တစ်စုတစ်ဝေးတည်း ဆုံတွေ့ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်မြောက်မိပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် အများပြည်သူနှင့် ထိရောက်သောဆက်သွယ်ရေး အကျပ်အတည်းများကို စီမံခန့်ခွဲသော နည်းစနစ်များနှင့် အစိုးရဌာနများ၏ သတင်းစကားများကို ရှင်းလင်းစွာဖြင့် ထိရောက်စွာပေးပို့သည့် နည်းစနစ်များကို လေ့လာသင်ယူသွားကြရမှာဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ၏ စွမ်းရည်မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်ပြုချက်ကို သက်သေပြလျက်ရှိပါကြောင်း၊ ဆက်သွယ်ညှိနှိုင်းပြောဆိုမှု အခန်းကဏ္ဍသည် သတင်းအချက်အလက်များကို မျှဝေရုံအတွက်သာမက ပိုမိုသာလွန်သည့် အပြန်အလှန်ဆွေးနွေးမှု၊ စာနာမှုနှင့် အပြန်အလှန်နားလည်မှုများအတွက် အခြေခံအုတ်မြစ်ပင် ဖြစ်ပါကြောင်း၊ အချင်းချင်းအပြန် အလှန်သင်ယူ ခြင်း၊ အသိပညာနှင့်အတွေ့အကြုံများကို ဖလှယ်ခြင်းနှင့်ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ကို မွေးမြူခြင်းဖြင့် နိုင်ငံတော်အစိုးရအသီးသီးသည် လူထုနှင့်ပိုမိုထိရောက်စွာ ချိတ်ဆက်နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်မှုစွမ်းရည်ကို အားကောင်းလာစေနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညစာစားပွဲကို တက်ရောက်လာကြသည့် သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဆက်လက်ပြီး အခန်းအနား တက်ရောက်လာကြသူများနှင့် ညစာကို အတူတကွသုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတေးသံရှင်များမှ အာဆီယံနိုင်ငံများအလိုက် ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းစဉ်လာများကို ဖော်ကြူးရေးစပ်ထားသည့် တေးသီချင်းများဖြင့်တွဲဖက်ပြီး အကအလှများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့သည်။
နေ့လည်ပိုင်းမှာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ မြန်မာ့ကျောက်မျက် ရတနာပြတိုက်ကိုသွားရောက်ပြီး ခင်းကျင်းပြသထားသည့် ကျောက်စိမ်း ကျောက်မျက်၊ ပုလဲ၊ ရှားပါးမြန်မာ့တွင်းထွက်ရတနာများနှင့် ကျောက်မျက်ရတနာ အရောင်းပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

ခိုလမ်တွင် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့ရုံး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယဦးစီးမှူး ဦးလွှမ်းသူနောင်နှင့် ဝန်ထမ်းများမှ အသစ်ရောက်ရှိလာသော စာအုပ်/စာစောင်များကို မြို့စည်ပင်သာယာရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ သုတ၊ရသ စာအုပ်/စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)

အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ)အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူများက ကျောင်းကောင်စီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံလူငယ်လူရွယ်များတို့က ဒေသရှိ ဌာနဆိုင်ရာအသီးသီးတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရန်လိုအပ်ကြောင်းကို ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးမှလည်း ကောင်း၊ ဆုချီးမြှင့်ပွဲကျင်းရခြင်း၏ ရည်ရွယ်ချက်များကို လက်ထောက်မြို့နယ်ပညာရေးမှူးမှလည်းကောင်း၊ ဆုချီးမြှင့်ပွဲဖြစ်မြောက်အောင်မြင်ရေးအတွက် ငွေ/ လူအားထောက်ပံ့ပေးသည့် စေတနာရှင်အလှူရှင်များနှင့်ကျောင်းသားမိဘများအား ကျေးဇူးတင်စကားပြောကြားခြင်းကို အ-ထ-က(ခွဲ) အထက်ပိုင်ကျုံ ကျောင်းအုပ်ဆရာမကြီးမှလည်းကောင်း၊ အထက်ပိုင်ကျုံကျောင်း၌ တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား/ သူများ၏ မိဘများနှင့်စေတနာရှင် အလှူရှင်များ အကြံပေးစကားကို အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှလည်ကောင်း အသီးသီး အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆုချီးမြှင့်ခြင်း ငွေစာရင်းရှင်းတမ်းကို အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်းမှ (အ-လ-ပြ) ဆရာမဒေါ်ဝင်းမာလေးက ရှင်းလင်းပြောကြားပြီးနောက်၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်အောင်မြင်စွာ ဖြေဆိုနိုင်သည့် ကျောင်းသား/ သူများအား တာဝန်ရှိသူများတို့က ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပိုင်ကျုံမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် နယ်မြေခံကျောင်းအုပ်ဆရာ/ မများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)

အထူးဒေသ(၄) မိုင်းလားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)၊ မိုင်းလားမြို့၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲ သတိတရရှိစေရန် ရည်ရွယ်၍ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့တွင် အ.ထ.က(မိုင်းလား)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အ.ထ.က မိုင်းလားကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းမေယုခိုင်နှင့် ဆရာ/ဆရာမများက ဇူလိုင်(၁၉)ရက်နေ့တွင် ရောက်ရှိမည့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မြန်မာတစ်မျိုးသားလုံးအတွက် အားကျအတုယူ မမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပြီး စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)

မောက်မယ်မြို့နယ်၌ ထွေအုပ်စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးသင်တန်း ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းနှင့်ပတ်သက်၍ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားရာ၌ “မောက်မယ်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် စာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲပြဿနာများနှင့် လိုအပ်ချက်များအား မိမိတို့ထံရင်းနှီးပွင့်လင်းစွာ တင်ပြနိုင်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၏ လုပ်ငန်းခွင်အခက်အခဲများနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ မောက်မယ်မြို့နယ်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မှာဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများ၏လူမှုစီးပွားဘဝများလည်း တိုးတက်ကောင်းမွန်လာမှာဖြစ်သလို လူနေမှုအဆင့်အတန်းများလည်း တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ပါ ကြောင်း” စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ တက်ရောက်လာကြသော စာရေးဝန်ထမ်းများက မြို့နယ်အတွင်းဆောင် ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)