
မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်ကောင်စစ်ရေးရာကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Eduardo Jose A.De Vega (Deputy Foreign Minister, Undersecretary for Migrant Workers’ Affairs, Department of Foreign Affairs) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မတ်လ ၁၈ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံကောင်စစ်ရေးရာ ကိစ္စရပ်များ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခွင့်အလမ်းရှာဖွေရေး တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးမှ ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များတွင် သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်သွားရောက်
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၁၇-၃-၂၀၂၅ ရက်နေ့ Keren Kayemeth Lelsrael - ဂျူးအမျိုးသားရန်ပုံငွေ (KKL-JNF)၊ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစ္စရေး သံအမတ်ကြီးများအသင်း (The Ambassadors' Club of Israel) တို့ ပူးပေါင်းစီစဉ်သော ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်သို့ အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံး အကြီးအကဲများနှင့် အတူသွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ Negev သဲကန္တာရဒေသ၌ စိုက်ခင်းများ လုပ်ဆောင်ထားမှု၊ စီးပွားရေးအခွင့်အလမ်းများရရှိရေး ထုတ်ကုန်များ ဖန်တီးထုတ်လုပ်မှု၊ ထိရောက်စွာ လုပ်ကိုင် နေသည့် စီမံကိန်းများကို လိုက်လံကြည့်ရှုခဲ့ရပြီး၊ အစ္စရေး- ဟားမတ်စ်စစ်ပွဲ ၁၈ လတာ ကာလအတွင်း ဘေးဒုက္ခခံစားခဲ့ရသည့် Kibbutz Kfar Aza ဒေသခံများအတွက် ရပ်ရွာ ပြန်လည်ထူထောင်ရေး စီမံကိန်းများ ဆောင်ရွက်ထားမှု၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ စတင်၍ ၎င်းတို့၏ စိတ်လှုပ်ရှားဖွယ်ခရီးများနှင့် ခံနိုင်ရည်အား မျှဝေပေးသည့်အနေဖြင့် ဂါဇာ ကမ်းမြှောင်အနီး အစ္စရေးဒေသခံများ ထိတွေ့ဆက်ဆံခဲ့ပြီး ခံစားခဲ့ရမှုများ ရင်ဖွင့်ပြောကြားမှုများကို မျှဝေခံစား နားထောင်ခဲ့ကြသည်။ ထို့နောက် KKL-JNF၊ အစ္စရေး၏ သစ်တော ဝန်ဆောင်မှုများနှင့် Gilat အပင်ပျိုးခင်းများသို့ သွားရောက်ကြည့်ရှု့ခဲ့ကြောင်း။ ထို့နောက် Nova ဂီတပွဲတော်လုပ်ခဲ့သည့် နေရာသို့ သွားရောက်လေ့လာခဲ့ပြီး Iron Swords Forest ၌ သံတမန်အကြီးအကဲများ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။
ခရီးစဉ်နောက်ဆုံး အနေဖြင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းနှင့် အနီးစပ်ဆုံး ရှိနေသည့် Kibbutz Zikim စုပေါင်းရွာသို့ သွားရောက်ကာ စုပေါင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြမှုကို နားထောင်ခဲ့ရပြီး၊ ရေဆိုးစနစ်မှ ပြန်လည်သန့်စင်မှု၊ စွမ်းအင်ရယူမှုများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကုလေ့လာခဲ့ကြရပြီး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ICRC၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား မတ်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး
နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire သည် မတ်လ ၁၈ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နီပေါသံအမတ်ကြီးတို့ တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ အီလက်ထရောနစ် ကျန်းမာရေး သတင်းအချက်အလက်စနစ်၊ အီလက်ထရောနစ်ဆေးမှတ်တမ်းစနစ်၊ အီလက်ထရောနစ် ပြည်သူ့ ကျန်းမာရေးသတင်းအချက် အလက်စနစ်နှင့် အီလက်ထရောနစ်ဆေးနှင့် ဆေးပစ္စည်းစီမံခန့်ခွဲမှုစနစ် အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-နီပေါ နှစ်နိုင်ငံကျန်းမာရေး ပညာရှင်များ၊ အထူးကုဆရာဝန်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နီလာခန်းမ၌ တွေ့ဆုံစဉ် စာရင်းစစ်ဆေးရာ၌ Manual မှ Digital စနစ်သို့ ပြောင်းလဲလာမှုများ၊ နည်းပညာအသုံးချဆော့ဝဲလ်များ အသုံးပြုနေမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအသုံးပြု၍ IT Audit ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းဖွင့်
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း၍ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း နည်းပြဆရာသင်တန်းကို မတ်လ(၁၇)ရက်နေ့ မှ (၂၁)ရက်နေ့အထိ ရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပလျက်ရှိသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို မတ်လ (၁၇)ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌနှင့်အတူ အလုပ်အမှုဆောင်များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Weapon Contamination Coordinator နှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ကြက်ခြေနီဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။