အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးမှ ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များတွင် သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်သွားရောက်

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၁၇-၃-၂၀၂၅ ရက်နေ့ Keren Kayemeth Lelsrael - ဂျူးအမျိုးသားရန်ပုံငွေ (KKL-JNF)၊ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစ္စရေး သံအမတ်ကြီးများအသင်း (The Ambassadors' Club of Israel) တို့ ပူးပေါင်းစီစဉ်သော ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်သို့ အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံး အကြီးအကဲများနှင့် အတူသွားရောက်ခဲ့သည်။  
ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ Negev သဲကန္တာရဒေသ၌ စိုက်ခင်းများ လုပ်ဆောင်ထားမှု၊ စီးပွားရေးအခွင့်အလမ်းများရရှိရေး ထုတ်ကုန်များ ဖန်တီးထုတ်လုပ်မှု၊ ထိရောက်စွာ လုပ်ကိုင် နေသည့် စီမံကိန်းများကို လိုက်လံကြည့်ရှုခဲ့ရပြီး၊ အစ္စရေး- ဟားမတ်စ်စစ်ပွဲ ၁၈ လတာ ကာလအတွင်း ဘေးဒုက္ခခံစားခဲ့ရသည့် Kibbutz Kfar Aza ဒေသခံများအတွက် ရပ်ရွာ ပြန်လည်ထူထောင်ရေး စီမံကိန်းများ ဆောင်ရွက်ထားမှု၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ စတင်၍ ၎င်းတို့၏ စိတ်လှုပ်ရှားဖွယ်ခရီးများနှင့် ခံနိုင်ရည်အား မျှဝေပေးသည့်အနေဖြင့် ဂါဇာ ကမ်းမြှောင်အနီး အစ္စရေးဒေသခံများ ထိတွေ့ဆက်ဆံခဲ့ပြီး ခံစားခဲ့ရမှုများ ရင်ဖွင့်ပြောကြားမှုများကို မျှဝေခံစား နားထောင်ခဲ့ကြသည်။ ထို့နောက် KKL-JNF၊ အစ္စရေး၏ သစ်တော ဝန်ဆောင်မှုများနှင့် Gilat အပင်ပျိုးခင်းများသို့ သွားရောက်ကြည့်ရှု့ခဲ့ကြောင်း။ ထို့နောက် Nova ဂီတပွဲတော်လုပ်ခဲ့သည့် နေရာသို့ သွားရောက်လေ့လာခဲ့ပြီး Iron Swords Forest ၌ သံတမန်အကြီးအကဲများ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။ 
ခရီးစဉ်နောက်ဆုံး အနေဖြင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းနှင့် အနီးစပ်ဆုံး ရှိနေသည့် Kibbutz Zikim စုပေါင်းရွာသို့ သွားရောက်ကာ စုပေါင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြမှုကို နားထောင်ခဲ့ရပြီး၊ ရေဆိုးစနစ်မှ ပြန်လည်သန့်စင်မှု၊ စွမ်းအင်ရယူမှုများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကုလေ့လာခဲ့ကြရပြီး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။