ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ တက်ရော

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး “ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ ၂၀၂၅” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ကျင်းပပြုလုပ်သည့် “ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲ ၂၀၂၅” ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ 

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်မာနိုက်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖနောင်ပင်မြို့အခြေစိုက် ပြည်ပသံရုံး၊ အဖွဲ့ရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ ပါဝင်တက်ရောက်ခဲ့သည်။

ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်မှ ၆ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ကျင်းပရာ နိုင်ငံပေါင်း (၂၇)နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (၇၀၀)ဦးခန့် တက်ရောက်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ 

07.03.2025
နစကပြည်ထောင်စုဝန်ကြီးနှင့်Indiaတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား မတ်လ (၅) ရက်နေ့၊ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ဆောင်ရွက်နေသည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်တို့အား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။  

06.03.2025
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့် (၇၅)ကြိမ်မြောက်အာဆီယံပေါင်းစည်းရေးအဖွဲ့အစည်းအဝေးသို့တက်ရောက်

သက်ရှည်ကျန်းမာစွာနေထိုင်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံစင်တာနှင့် ဆွေးနွေး ဖလှယ်ပွဲ၊ (၇၅)ကြိမ်မြောက် အာဆီယံပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်လုပ်ငန်း အဖွဲ့အစည်းအဝေးများသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်တက်ရောက်

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ၃-၃-၂၀၂၅ ရက်နှင့် ၅-၃-၂၀၂၅ ရက်တို့တွင် အသီးသီးကျင်းပပြုလုပ်ခဲ့သည့် သက်ရှည်ကျန်းမာစွာနေထိုင်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံစင်တာနှင့် ဆွေးနွေးဖလှယ်ပွဲနှင့် (၇၅)ကြိမ်မြောက် အာဆီယံပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်လုပ်ငန်းအဖွဲ့အစည်းအဝေးတို့သို့  ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။ 
အာဆီယံဆိုင်ရာ ထိုင်းအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကြီးမှူးကျင်းပသည့် သက်ရှည်ကျန်းမာစွာနေထိုင်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံစင်တာနှင့် ဆွေးနွေးဖလှယ်ပွဲတွင် တက်ရောက်လာသူများက အာဆီယံအနေဖြင့် ၂၀၁၅ ခုနှစ်၌ ထုတ်ပြန်ခဲ့သည့် သက်ရှည်ကျန်းမာစွာနေထိုင်ရေး သက်ကြီးရွယ်အိုများ၏စွမ်းပကားကိုမြှင့်တင်ပေး ကွာလာလမ်ပူထုတ်ပြန်ချက်နှင့်အညီ ဒေသတွင်းကတိကဝတ်များကို ထပ်လောင်းကတိပြုရေးအပါအဝင် သက်ကြီးရွယ်အိုများအား စောင့်ရှောက်ရေးအရေးပါမှုကို  အသိပညာပေးရေး၊ ဒေသတွင်း၌ သက်ရှည်ကျန်းမာနေထိုင်မှုကို ပံ့ပိုးမည့်စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာအစီအစဉ်များကို အကောင်အထည်ဖော်ရေး၊ သက်ရှည်ကျန်းမာနေထိုင်မှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာအာဆီယံစင်တာ (ACAI) နှင့် အာဆီယံနိုင်ငံများ၊ ဆွေးနွေးဖက်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာကောင်းများကို ရှာဖွေဖော်ထုတ်ရေး၊ ACAI ၏မျှော်မှန်းချက်များ ပြည့်မီရေးအတွက် ဦးစားပေးအစီအမံများနှင့် ဦးဆောင်ဦးရွက်ပြုမှုများမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  
(၇၅) ကြိမ်မြောက် အာဆီယံပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးနှင့် အာဆီယံပေါင်းစည်းမှုခိုင်မာစေရေး၊ အာဆီယံနိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုးမှု မျှတစေရေးအတွက် IAI Work Plan IV (2021-2025) ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ IAI Work Plan V အသစ်ရေးဆွဲရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံပေါင်းစည်းရေးလုပ်ငန်းအဖွဲ့ဝင် အမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးရှိ IAI and NDG Division မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

06.03.2025
ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women)နှင့်တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ အမျိုးသမီး အဖွဲ့(UN Women) ရုံး၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Arab အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂအမျိုးသမီးအဖွဲ့ (UN Women) ရုံး၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Arab အား ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UN Women က ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ခဲ့ပြီး၊ မြန်မာနိုင်ငံနှင့် UN Women တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်းသိရသည်။

04.03.2025
ASEAN ဖွဲ့ ပြန်လည်ထွက်ခွာ

အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့

ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီး၍ အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပသည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး (၂၈) ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သင်တန်းနည်းပြများ၊ ဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် လေ့လာသူအဖြစ် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတက်ရောက်လာကြသူများသည် အစိုးရပြောရေးဆိုခွင့်ရှိသူများအနေဖြင့် လူထုနှင့်ထိရောက်သော ဆက်ဆံရေးဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားရှိရမည့် စိတ်နေစိတ်ထား၊ အသံအနေအထားနှင့် ကိုယ်ဟန်အနေအထားဆိုင်ရာ၊ မီဒီယာများနှင့်ချိတ်ဆက်၍ သတင်းစာရှင်းလင်းပွဲကျင်းပမှုဆိုင်ရာ၊ တွေ့ဆုံမေးမြန်းခြင်း ဆောင်ရွက်မှုဆိုင်ရာ၊ မီဒီယာများနှင့် ဆက်သွယ်ချိတ်ဆက်မှုဆိုင်ရာ၊ ဝက်ဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာ အသုံးပြုခြင်းဆိုင်ရာ အကြောင်းအရာများကို အဖွဲ့လိုက်ဆွေးနွေးခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့်အစိုးရတာဝန်ရှိသူများအကြား ထိထိရောက်ရောက်ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့်ပြည်သူလူထုအကြား ယုံကြည်မှုတက်ဆောက်ရန်သာမက အကျပ်အတည်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာများဖလှယ်နိုင်ရန် ရည်ရွယ်ပြီး အာဆီယံပြန်ကြားရေးဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေအထောက်အပံ့ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီစဉ်ကျင်းပခြင်းဖြစ်သည်။
 အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့် သင်တန်းနည်းပြများအား (၂၅-၂-၂၀၂၅) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက်သို့လည်းကောင်း၊ (၂၇-၂-၂၀၂၅)ရက်နေ့ (၁၉:၀၀)နာရီ အချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော်နိုင်ရန် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို (၂၈-၂-၂၀၂၅)ရက်နေ့ (၁၂:၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသတင်းရရှိသည်။

01.03.2025