
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
နေပြည်တော် ဧပြီ ၂၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်း ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
နေပြည်တော် ဧပြီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဗာတီကန်မြို့ပြနိုင်ငံ၊ အစိုးရအဖွဲ့အကြီးအကဲ ဘုန်းတော်ကြီး ပီယဲထရို ပါရိုလင် (His Eminence Cardinal Pietro Parolin)ထံသို့ ယနေ့တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဗာတီကန်မြို့ပြနိုင်ငံ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိကိုယ်စားလည်းကောင်း ကိုယ်တော်နှင့် ဗာတီကန်မြို့ပြနိုင်ငံပြည်သူများထံသို့ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြလိုကြောင်းပါရှိသည်ဟု သတင်းရရှိသည်။

ယူနန်ပြည်နယ် Yunnan Overseas Chinese Charity Foundation မှ မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ်အတွက် ဆေးပစ္စည်းများလှူဒါန်း
ရန်ကုန် ဧပြီ ၂၀
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
အဆိုပါ အခြေအနေကြောင့် ငလျင်ဒဏ်သက်ရောက်ခဲ့သည့် နေရာများတွင် နေထိုင်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အတိဒုက္ခရောက်ရှိပြီး အဘက်ဘက်မှ လိုအပ်ချက်များ ရှိနေခဲ့သည်။ အဆိုပါထိခိုက်ပျက်စီးမှုအပေါ် လူသားချင်းစာနာထောက်ထားသောအားဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းသည် အဆိုပါသဘာဝဘေးဒဏ်သက်ရောက်သည့် ဒေသများကို ထောက်ပံ့ကူညီရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယူနန်ပြည်နယ် Yunnan Overseas Chinese Charity Foundation မှ မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ်အတွက် တရုတ်ယွမ် ၆၅၈၃၂၀ တန်ဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းသည့် ဆေးပစ္စည်းများသည် လေကြောင်းမှတစ်ဆင့် တင်သွင်းခဲ့ရာ ယနေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါလှူဒါန်းသည့် ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ရှိသူများမှ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
နေပြည်တော် ဧပြီ ၂၀
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် အဝတ်အထည်များပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ
နေပြည်တော် ဧပြီ ၂၀
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်ဘေးသင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Air China ၊ Cargo Flight (ကယ်ဆယ်ရေးပစ္စည်း)လေယာဉ်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သတ္တမအကြိမ်မြောက်ထပ်မံရောက်ရှိလာခဲ့သည်။
အဆိုပါ Air China iCargo Flight (ကယ်ဆယ်ရေးပစ္စည်း)လေယာဉ်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆေးပစ္စည်းများ စုစုပေါင်း (၆၀၃၀)ပုံး (၉၃၂၃၅) kg ပါရှိပြီး ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့်တာဝန်ရှိသူတို့လိုက်လံကြည့်ရှု၍ လက်ခံကြိုဆိုကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှနေပြည်တော်သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။