မန္တလေးမြို့၌ ငလျင်ဘေးသင့်၍ နေထိုင်ရန်ခက်ခဲသော ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင်တည်ဆောက်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ငလျင်ဘေးကြောင့် နေထိုင်ရန်အခက်အခဲရှိသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင် တည်ဆောက်နေကြောင်း သိရသည်။ 
အဆိုပါ Container House များကို ၆၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းတွင် နေရာချထားပေးပြီး မြေညှိခြင်းနှင့် တပ်ဆင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၂၀ ရက်အထိ Container House အလုံး ၂၀ ပြီးစီးပြီဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“Container House တွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတာဖြစ်ပါတယ်။ တပ်ဆင်ရာမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံနဲ့ ကုန်ဌာနအပြင် ဆက်စပ်တဲ့ဌာနတွေ ပူးပေါင်းပြီး စက်ယန္တရားများအကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်မီးရရှိရေး၊ သောက်ရေရရှိရေးနဲ့ မိလ္လာစွန့်ပစ်ဖို့ကစလို့ ဆောင်ရွက်ပေးမှာပါ”ဟု ၎င်းက ပြောသည်။ 
Container House များကို ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ ၆၆ လမ်းအရှေ့ဘက်တွင် အရာထမ်းများအတွက် ၆၄ လုံး၊ လမ်းအနောက်ဘက်တွင် အမှုထမ်းများအတွက် ၈၆ လုံး စုစုပေါင်းအလုံး ၁၅၀ တပ်ဆင် တည်ဆောက်ပေးနေပြီး အဆောက်အအုံများကြားသွားလာနိုင်ရန် လမ်းများဖောက်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်၍ Container တစ်လုံးလျှင် အလျား ပေ ၂၀၊ အနံ ၁၀ ပေ၊ အမြင့် ၈ ပေခွဲခန့်ရှိကြောင်း သိရသည်။ 
“Container House တစ်ခုစီရဲ့ အမိုးအကာ၊ အခင်း၊ တံခါး စတဲ့လိုအပ်တာတွေက Packing နဲ့ ရောက်လာတာကို ဒီမှာ ပြန်လည်တပ်ဆင်တည်ဆောက်ရတယ်။ ပထမတစ်လုံး နှစ်လုံး တပ်ဆင်တုန်းက မကျွမ်းကျင်သေးလို့ တည်ဆောက်ချိန်ကြာပေမယ့် နောက်တော့ ကျွမ်းကျင်ပြီး မြန်လာတယ်” ဟု ဆက်လက်ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ငလျင်ဒဏ်သင့် အဆောက်အအုံများ ၊ ရှင်းလင်းဖယ်ရှားရေး၊ ငလျင်ဘေးကြောင့် အခက်အခဲရှိသူများအား ယာယီအဆောက်အအုံများ တည်ဆောက်နေရာချထားရေး၊ သောက်သုံးရေရရှိရေး၊ သန့်ရှင်းရေး စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။