ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲတွင် ဒဂုံ (၁) မှ တစ်ဦးချင်းတတိယဆုများရရှိ

 

ဒဂုံမြို့နယ်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းသား/ကျောင်းသူများသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ ဖက်ဒရယ်နယ်မြေ  ဆိုင်ရပ်စ်၌ ကျင်းပသော The Open International Biology Olympic(OIBO) 2025 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအတွင်း တစ်ဦးချင်း တတိယဆုများ ဆွတ်ခူးခဲ့ကြပြီး မေ ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး  ဦးဌေးအောင်၊  ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက နိုင်ငံတော်အလံများ၊ ဗီနိုင်းပိုစတာနှင့် ပန်းစည်းများကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။  

အဆိုပါ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲသည်  စက်မှုလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ  နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့်  အတွေ့အကြုံဖလှယ်ခြင်းတို့ကို  ဖွံ့ဖြိုးတိုးတက်စေမည့် ကျောင်းသားလူငယ်များအား လက်ရှိ ဇီဝဗေဒနှင့်ဇီဝနည်းပညာဆိုင်ရာ  ပြဿနာများကို လေ့လာရန်နှင့် ဖြေရှင်းရန်အတွက်ရည်ရွယ်သည့် နိုင်ငံတကာ ဇီဝဗေဒပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံစီကို အသင်းတစ်သင်းအဖြစ်  ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ မေ ၁၀ ရက်မှ ၁၇ ရက်အထိ ပြိုင်ပွဲ ကာလတစ်လျှောက် Zoology ၊ Botany ၊ Practical ပြိုင်ပွဲများမှ  တစ်ဦးချင်းတတိယဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။

ယင်းပြိုင်ပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီ (Sochi) မြို့တွင် ၇ ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်  အခြေခံပညာအဆင့်တွင် ဒဂုံမြို့နယ်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ  အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆ ဦး  လိုက်ပါယှဉ်ပြိုင်ခဲ့ကြရာ တစ်ဦးချင်းအလိုက် တတိယဆုများကို ရရှိခဲ့ကြောင်းသိရသည်။