
ငလျင်ကြီးလှုပ်စဉ် အရှိန်ဖြင့်မောင်းနှင်လာသော ရထားကိုရပ်တန့်နိုင်ခဲ့သူများကို ဆုများချီးမြှင့်
မတ် (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စတင်ဖြစ်ပွားစဉ်အတွင်း (၁)နာရီလျှင် ကီလို(၁၀၀)နှုန်းခန့် မောင်းနှင်နေသည့် ခရီးသည်များပါသည့် ရထားကို ရပ်တန့်နိုင်ခဲ့ကာ ဘေးကင်းအောင် ပြုလုပ်ပေးနိုင်ခဲ့သည့် ရထားစက်မောင်းတာဝန်ခံနှစ်ဦးကို မြန်မာ့မီးရထားမှ ဂုဏ်ပြုခဲ့ကြောင်းသိရသည်။
မတ်လ (၂၈)ရက် နေ့လယ် (၁၂)နာရီ (၅၂)မိနစ်ခန့်က နေပြည်တော်မှ မန္တလေးကိုသွားမည့် လေအိတ်အမြန်ရထားကို မောင်းနှင်နေချိန်၌ ငလျင်ကြီးနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။
တာဝန်ခံမောင်းနှင်လာသည့် စက်ခေါင်းမောင်း ဦးသန်းဝင်းနှင့် လက်ထောက်စက်ခေါင်းမောင်း ဦးဇင်ပိုင်စိုးတို့သည် ငလျင်ကြီး လှုပ်ခတ်စဉ်အတွင်း ရထားနှင့် ခရီးသည်များ ဘေးကင်းအောင်ဆောင်ရွက်ခဲ့ကြသည့်အတွက် ဦးသန့်ဇင်(ဘဲလင်း - မလွှကုန်း ကုန်ရထားမောင်းနှင်သူ၊ စမုံ တံတားကျိုးနေချိန် အချိန်မီ ရပ်တန့်နိုင်သူ) များကို ဂုဏ်ပြုဆုများကို မြန်မာ့မီးရထား (၁၄၈) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ချီးမြှင့်ပေးခဲ့သည်ဟု သိရသည်။
သတင်း။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန။

ငလျင်ဒဏ်သင့် ထိခိုက်ပျက်စီးမှုများကို အကဲဖြတ်ရန် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိ
ငလျင်ဘေးဒဏ်သင့်မှုကြောင့် ထိခိုက်ပျက်စီးအခြေအနေများကို စုံစမ်းစစ်ဆေးရန်နှင့် အကဲဖြတ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ ငလျင်အလွန် ပြန်လည်ထူထောင်ရေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျှော့ချရေးတို့အတွက် အရေးပါသည့် သိပ္ပံနည်းကျ အထောက်အထားများ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။
ပညာရှင်အဖွဲ့သည် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်း စသည့်နေရာဒေသများကို အဓိကအာရုံစိုက်ပြီး လူနေမှုဘဝလိုအပ်ချက်စီမံကိန်းများ၊ အဆောက်အဦပျက်စီးမှု၊ ဘူမိဗေဒဆိုင်ရာ ငလျင်ဘေးအန္တရာယ်စုံစမ်းစစ်ဆေးရေးနှင့်ဆုံးရှုံးမှုအကဲဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများအရ ငလျင်၏ပြင်းထန်မှုနှင့် အတိုင်းအတာကို အတည်ပြုပြီး ပျက်စီးသွားသည့် အိမ်များအတွက် အရေးပေါ်လုပ်ဆောင်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ အကြံပြုချက်များကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့တွင် China Earthquake Administration (CEA)၊ တရုတ် ငလျင်ရှာဖွေကယ်ဆယ်ရေးစင်တာ၊ ထုံကျိတက္ကသိုလ်၊ ဟားအယ်ပင်း နည်းပညာတက္ကသိုလ်၊ တရုတ် အဆောက်အအုံဆိုင်ရာ သုတေသနအကယ်ဒမီ (CABR) စသည့် ကျွမ်းကျင်အဖွဲ့အစည်းများမှ ပညာရှင် (၃၀) ဦး ပါဝင်လာသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်ကယ်ဆယ်ရေးမှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖြစ် ပြောင်းလဲပြီးနောက် နိုင်ငံတော်၏ တာဝန်အပ်နှင်းမှုနှင့် ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်ခဲ့သည့် ပထမဆုံး ကျွမ်းကျင်အကဲဖြတ်မှုအဖွဲ့လည်းဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သ
ရန်ကုန် မေ ၁
မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီကကြီးမှူးကျင်းပသည့် ငလျင်ဒဏ်နှင့်သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ မက်သဒစ်အင်္ဂလိပ်အသင်းတော် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။
ဆုတောင်းခြင်းအစီအစဉ်သို့ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီအဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင် ဒေါက်တာ မောင်မောင်နိုင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က အမှာစကားပြောကြားသည်။
ထို့နောက် အစီအစဉ်အတိုင်း သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဓမ္မဒေသနာရွတ်ဖတ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းတို့ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးစကားများပြောကြားကြသည်။
ယင်းနောက် မန္တလေးငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူများအပါအဝင် ပြည်တွင်း ပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတနာရှင်အလှူရှင်များ၊ အသင်းတော်အဖွဲ့အစည်း အသီးသီးတွင် ကူညီဆောင်ရွက်ပေးကြသူများ၊ ဆေးအဖွဲ့များ၊ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသူများ၊ သဘာဝဘေးအခက်အခဲကြုံတွေ့တိုင်းပေးလှူကူညီခဲ့ကြသည့် အလှူရှင်များ၊ အမိမြန်မာပြည်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာများပို့သကြသည်။
သတင်းစဉ်

မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များကိုဝယ်ယူရန် ရုရှားနိုင်ငံမှကမ်းလှမ်း
မြန်မာ့ဒေသထွက် သရက်သီးနှင့် သရက်သီးခြောက်ကို ရုရှားနိုင်ငံသို့တင်ပို့ရန် ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ကမ်းလှမ်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ရုရှားနိုင်ငံမှ စိန်တလုံးသရက်သီးကို အဓိကဝယ်ယူရန် စိတ်ဝင်စားပြီး သရက်သီးအပြင် သရက်သီးခြောက်များကို ဝယ်ယူရန်ကမ်းလှမ်းထားသဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။မြန်မာ့ဒေသထွက်ကုန် သရက်သီးနှင့်သရက်သီးခြောက်များကို မြန်မာ-ရှရှား စီးပွားရေးကောင်စီနှင့် အဖွဲ့ဝင်များအနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်းမှစတင်ကာ ဝယ်ယူမှာဖြစ်ကြောင်းနှင့် ဝယ်ယူရာတွင် သရက်သီးရောင်းဝယ်ရေးလုပ်ကိုင်နေကြသူများ၊ သရက်သီးစိုက်ပျိုးသည့်တောင်သူများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ရေး ဆောင်ရွက်နေပြီး တိုက်ရိုက်ချိတ်ဆက်ဝယ်ယူမည်ဖြစ်ကြောင်း၊ သရက်သီးစိုက်ပျိုးရောင်းချသူများနှင့် သရက်သီးအဓိက ရောင်းချသည့် လုပ်ငန်း/ကုမ္ပဏီများအနေဖြင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ငလျင်ဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် ပြည်တွင်း/ပြည်ပမှ အကူအညီ၊ အထောက်အပံ့များ ရရှိနိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိကာလအထိ အလှူငွေလက်ခံရရှိမှု အခြေ အနေများ၊ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြည်တွင်း/ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရနိုင်ရေးနည်းလမ်းများကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းဆွေးနွေး ပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက်နိုင်ငံတော်ဘတ်ဂျက်မှ ရန်ပုံငွေခွင့်ပြုချက်ရရှိထားမှုအခြေအနေ၊ ၂၀၂၁ ခုနှစ် မတိုင်မီ ကာလက ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိမှု အခြေအနေများ၊ လက်ရှိ ကာလတွင်အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေး ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ငလျင်ဘေး ဖြစ်ပွားပြီးကာလအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ၏ ရရှိ၊ သုံးစွဲ၊ လက်ကျန်အခြေအနေ၊ ယခင်ကာလများတွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များအတွက် ပြည်တွင်း/ ပြည်ပမှ အကူအညီ၊ အထောက်အပံ့ရရှိခဲ့မှု အခြေအနေများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက အကူအညီ၊ အထောက်အပံ့ရရှိနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြကာ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ပြန်ကြားရေးဝန်ကြီးဌာနရှိငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့က လူသားချင်းစာနာထောက်ထားမှုအကူအညီများ လာရောက်လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဧပြီလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် အလိုတော်ပြည့်ဆရာတော်ကြီး၏ လက်ထောက်ဆရာတော် အရှင်ကုမာရ ဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့အား နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦထိခိုက် ပျက်စီးမှုအခြေအနေများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ယခုကဲ့သို့ ပစ္စည်းများလာရောက်လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း တင်ပြလျှောက်ထားပြီး ငလျင်ကြောင့် ဝန်ကြီးဌာနရုံးအဆောက်အဦ ထိခိုက်မှုများကို လိုက်လံရှင်းလင်း ပြသသည်။
ယင်းနောက် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့က ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အရှင်ကုမာရဦးဆောင်သော အလိုတော်ပြည့် ကယ်ဆယ်ရေးအဖွဲ့အား ဝန်ကြီးဌာနမျက်နှာစာ၌ ဝန်ထမ်းများအတွက် ယာယီဘာရှာများ စနစ်တကျ တည်ဆောက်နေမှုကို လိုက်လံပြသခဲ့သည်။

ကျောင်းဖွင့်ကာလဇွန်လတွင်Naypyitaw State Academyအဆင်သင့်ဖြစ်ရေး အသေးစားထိခိုက်မှုများပြင်ဆင်
နေပြည်တော် ဧပြီ ၂၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့သွားရောက်၍ လာမည့်ဇွန်လကျောင်းဖွင့်ချိန်တွင် အဆင်သင့်ဖြစ်စေရေး ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်နေသော အသေးစားထိခိုက်မှုများ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက တာဝန်ရှိသူများအား ပြန်လည်ပြုပြင်မွမ်းမံရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်အရည်အသွေးများ ပြည့်မီရေးအတွက် နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Naypyitaw State Academy ဝင်းအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းများနှင့် မိသားစုများ ယာယီတည်းခိုရေးစခန်းများ၌ နေထိုင်နေမှုကို လှည့်လည်ကြည့်ရှုပြီး နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ငလျင်ဒဏ်သင့်ပြည်သူများ၏ပျောက်ဆုံး/ပျက်စီးသွားသည့်အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဦးစီးမှူးရုံးက ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး/ပျက်စီးသွားသည့် အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ဧပြီလ(၂၈)ရက်နေ့ နံနက်က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အမှတ်(၁၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ယာယီစခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ ခရိုင်လဝကဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ ငလျင်ဒဏ်သင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အ.ထ.က(၁၇) ငလျင်ဒဏ်သင့်များ ယာယီစခန်းတွင် မေဃဂီရိရပ်ကွက်၊ ပုလဲငွေရောင် ရပ်ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အောင်မြေသာစံရပ်ကွက်၊ အမရဌာနီ(အရှေ့)ရပ်ကွက်၊ အမရဌာနီ (အနောက်)ရပ်ကွက်နှင့် ပြည်လုံးချမ်းသာရပ်ကွက်တို့မှ ငလျင်ဒဏ်သင့် ပြည်သူများအား အိမ်ထောင်စုဇယား(၃၀)ခု၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား မိတ္တူ (၅၄)တို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။