ငလျင်ဒဏ်သင့် ထိခိုက်ပျက်စီးမှုများကို အကဲဖြတ်ရန် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိ

ငလျင်ဘေးဒဏ်သင့်မှုကြောင့် ထိခိုက်ပျက်စီးအခြေအနေများကို စုံစမ်းစစ်ဆေးရန်နှင့် အကဲဖြတ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ကျွမ်းကျင်ပညာရှင်များ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ ငလျင်အလွန် ပြန်လည်ထူထောင်ရေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျှော့ချရေးတို့အတွက် အရေးပါသည့် သိပ္ပံနည်းကျ အထောက်အထားများ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။
ပညာရှင်အဖွဲ့သည် ရန်ကုန်၊ ပဲခူး၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်း စသည့်နေရာဒေသများကို အဓိကအာရုံစိုက်ပြီး လူနေမှုဘဝလိုအပ်ချက်စီမံကိန်းများ၊ အဆောက်အဦပျက်စီးမှု၊ ဘူမိဗေဒဆိုင်ရာ ငလျင်ဘေးအန္တရာယ်စုံစမ်းစစ်ဆေးရေးနှင့်ဆုံးရှုံးမှုအကဲဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 
ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများအရ ငလျင်၏ပြင်းထန်မှုနှင့် အတိုင်းအတာကို အတည်ပြုပြီး ပျက်စီးသွားသည့် အိမ်များအတွက် အရေးပေါ်လုပ်ဆောင်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာ အကြံပြုချက်များကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 
စုံစမ်းစစ်ဆေးရေးနှင့် အကဲဖြတ်ရေးအဖွဲ့တွင် China Earthquake Administration (CEA)၊ တရုတ် ငလျင်ရှာဖွေကယ်ဆယ်ရေးစင်တာ၊ ထုံကျိတက္ကသိုလ်၊ ဟားအယ်ပင်း နည်းပညာတက္ကသိုလ်၊ တရုတ် အဆောက်အအုံဆိုင်ရာ သုတေသနအကယ်ဒမီ (CABR) စသည့် ကျွမ်းကျင်အဖွဲ့အစည်းများမှ ပညာရှင် (၃၀) ဦး ပါဝင်လာသည်။
အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၏ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်ကယ်ဆယ်ရေးမှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဖြစ် ပြောင်းလဲပြီးနောက် နိုင်ငံတော်၏ တာဝန်အပ်နှင်းမှုနှင့် ငလျင်ဒဏ်သင့်ဒေသသို့ စေလွှတ်ခဲ့သည့် ပထမဆုံး ကျွမ်းကျင်အကဲဖြတ်မှုအဖွဲ့လည်းဖြစ်ကြောင်း သိရသည်။