
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး
နေပြည်တော် ဧပြီ ၂၂
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇွန်လဆန်းတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် နှစ်သုတ်တက်စနစ်ဖြင့် တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်နှင့် ယာယီကျောင်းဆောင်များ တည်ဆောက်နိုင်ရေးကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ငလျင်ဒဏ်မခံရသော တက္ကသိုလ်များအနေဖြင့် မိမိတို့တက္ကသိုလ်၏ တိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာ တိုးတက်ရေးအတွက် ဌာနတွင်းမွမ်းမံသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသော ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဝန်ကြီးဌာနအနေဖြင့် လွန်စွာဝမ်းနည်းရပါကြောင်း၊ ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်၍ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဇွန် ၂ ရက်မှစ၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ဆောင်၊ စာသင်ခန်းများနှင့် အိပ်ဆောင်များသန့်ရှင်းရေး ဆောင်ရွက်ကြရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ရုံးများ၊ ကျောင်းများတွင် သတ်မှတ်ထားသော ဝတ်စုံများကို ဝတ်ဆင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပမည့် စာစစ်ဌာနများတွင် ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ဦးစီးဌာနအလိုက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
နေပြည်တော် ဧပြီ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗာတီကန်မြို့ပြနိုင်ငံ (Holy See) ၏ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ခဲ့ခြင်းအတွက် ဗာတီကန်မြို့ပြနိုင်ငံ၊ အစိုးရအဖွဲ့အကြီးအကဲ ဘုန်းတော်ကြီး ပီယဲထရို ပါရိုလင် (His Eminence Cardinal Pietro Parolin)ထံသို့ ယနေ့တွင် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဗာတီကန်မြို့ပြနိုင်ငံ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် အလွန်ပင် စိတ်မကောင်းဖြစ်ရကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စားလည်းကောင်း၊ မိမိကိုယ်စားလည်းကောင်း ကိုယ်တော်နှင့် ဗာတီကန်မြို့ပြနိုင်ငံပြည်သူများထံသို့ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြလိုကြောင်းပါရှိသည်ဟု သတင်းရရှိသည်။

ယူနန်ပြည်နယ် Yunnan Overseas Chinese Charity Foundation မှ မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ်အတွက် ဆေးပစ္စည်းများလှူဒါန်း
ရန်ကုန် ဧပြီ ၂၀
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းထန်သည့် ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်နှင့် မြို့ကြီးအချို့တွင် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
အဆိုပါ အခြေအနေကြောင့် ငလျင်ဒဏ်သက်ရောက်ခဲ့သည့် နေရာများတွင် နေထိုင်သည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ အတိဒုက္ခရောက်ရှိပြီး အဘက်ဘက်မှ လိုအပ်ချက်များ ရှိနေခဲ့သည်။ အဆိုပါထိခိုက်ပျက်စီးမှုအပေါ် လူသားချင်းစာနာထောက်ထားသောအားဖြင့် တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းသည် အဆိုပါသဘာဝဘေးဒဏ်သက်ရောက်သည့် ဒေသများကို ထောက်ပံ့ကူညီရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယူနန်ပြည်နယ် Yunnan Overseas Chinese Charity Foundation မှ မြန်မာနိုင်ငံ ငလျင်ဘေးအန္တရာယ်အတွက် တရုတ်ယွမ် ၆၅၈၃၂၀ တန်ဖိုးရှိ ဆေးပစ္စည်းများ လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းသည့် ဆေးပစ္စည်းများသည် လေကြောင်းမှတစ်ဆင့် တင်သွင်းခဲ့ရာ ယနေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါလှူဒါန်းသည့် ဆေးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ တရုတ်-မြန်မာ ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ တာဝန်ရှိသူများမှ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ
နေပြည်တော် ဧပြီ ၂၀
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဒဏ်ဘေးသင့်ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် Air China ၊ Cargo Flight (ကယ်ဆယ်ရေးပစ္စည်း)လေယာဉ်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သတ္တမအကြိမ်မြောက်ထပ်မံရောက်ရှိလာခဲ့သည်။
အဆိုပါ Air China iCargo Flight (ကယ်ဆယ်ရေးပစ္စည်း)လေယာဉ်တွင် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆေးပစ္စည်းများ စုစုပေါင်း (၆၀၃၀)ပုံး (၉၃၂၃၅) kg ပါရှိပြီး ရန်ကုန်မြို့သို့ ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့်တာဝန်ရှိသူတို့လိုက်လံကြည့်ရှု၍ လက်ခံကြိုဆိုကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှနေပြည်တော်သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
နေပြည်တော် ဧပြီ ၂၀
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် အဝတ်အထည်များပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံ၌ ငလျင်ဒဏ်ကြောင့် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော် ဧပြီ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဆရာတော်၊ သံဃာတော်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသ ပျောက်ကင်းမှု အခြေအနေများကို မေးမြန်းလျှောက်ထားပြီး အာဟာရဖြည့် စားသောက်ဖွယ် ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံ၌တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက် ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်းအားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ် ကုသဆောင်အတွင်း ကုသမှုခံယူရလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားပြည်သူ နှစ်ဦးတို့အား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရဖြည့်စား သောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းပေးအပ်သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီးနှစ်ပါးအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်း ကြသည်။
ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား သက်ဆိုင်ရာဒေသအသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ကုသပေးနိုင်မှုအနေဖြင့် ဆေးရုံများသို့ ပြင်ပလူနာအဖြစ် လာရောက်ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများ ၂ နှင့် အရပ်သားပြည်သူ ၅၀၁၆ ဦးလိုအပ်သည့် ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သား ပြည်သူ ၄၇၆ ဦးတို့ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ရောဂါသက်သာပျောက်ကင်းသည်အထိ လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။