
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို (၂၈.၄.၂၀၂၅)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ဆေးထိုးစုရပ်များဖြစ်
သည့် စည်ပင်ဧည့်ရိပ်သာ(၁)တွင် (၁၀၅၉) ဦး၊ စည်ပင် ဧည့်ရိပ်သာ (၂)တွင် (၁၂၄၀)ဦး၊ ဇမ္ဗူသီရိမြို့နယ်၊ ခုတင်၅၀ဆံ့ ဆေးရုံတွင် (၅၀၁)ဦးနှင့် ဥတ္တရသီရိမြို့နယ်၊ ခုတင် ၅၀ဆံ့ပြည်သူ့ဆေးရုံတွင် (၁၆၄၅)ဦး၊ စုစုပေါင်း(၄၄၄၅)ဦးတိုက်ကျွေးခဲ့သည်။
အဆိုပါပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ပထမအကြိမ်အဖြစ် (၂၈.၄.၂၀၂၅) ရက်မှ (၂.၅.၂၀၂၅)ရက်နေ့အထိ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် (၅.၅.၂၀၂၅)ရက်မှ (၉.၅.၂၀၂၅)ရက်နေ့အထိ လည်းကောင်း၊ တတိယအကြိမ်အဖြစ် (၂၆.၅.၂၀၂၅)ရက်မှ (၃၀.၅.၂၀၂၅)ရက်နေ့အထိလည်းကောင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀)လွှဲပြောင်းပေးအပ်
မန္တလေးငလျင်ဘေးသင့် ဒေသများအတွက် AHA Centre မှတစ်ဆင့် အလှူရှင်နိုင်ငံများက လှူဒါန်းထားသော အသင့်တပ်ဆင်အသုံးပြုနိုင်သည့် ယာယီစာသင်ကျောင်းဆောင်များ (Prefabricated Schools) လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ AHA Centre ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Lee Yam Ming ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လပထမပတ်အတွင်း ကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီ စာသင်ကျောင်းဆောင် အဆောင် (၂၀)ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၅)ဆောင်စီ တည်ဆောက်ပေးသွားမည်ဖြစ်သည်။
ယာယီစာသင်ကျောင်းဆောင် လွှဲပြောင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားပြီး AHA Centre ၏ အမှုဆောင် ညွှန်ကြားရေးမှူး Mr. Lee Yam Ming က ယာယီ စာသင်ကျောင်းဆောင် များကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ ထံသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိခိုက်ပျက်စီးခဲ့သည့်စက်ပစ္စည်းကိရိယာများကို အမြန်ဆုံးစစ်ဆေးပြုပြင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး စီမံဆောင်ရွက်
နေပြည်တော် ဧပြီ ၂၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ အမှတ်(၇) အထည်စက်ရုံ(မြစ်သား)၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)တို့သို့ရောက်ရှိပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ပြုပြင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ စိစစ်အကဲဖြတ် ကာ ပြုစုမှတ်တမ်းတင်ခြင်းများဆောင်ရွက်ပြီး ဖွဲ့စည်းထားရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ စစ်ဆေးတွေ့ရှိချက်များနှင့်အညီ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီမှထုတ်ပြန်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းကိရိယာများကိုလည်း အမြန်ဆုံးစစ်ဆေးပြုပြင်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံ၌ ဆောက်လုပ် ထားသည့် အဆောက်အအုံများသည် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးထားရမည် ဖြစ်ကြောင်း၊ သွေးကြောသွင်း ဆေးရည်များသည် ပြည်သူလူထု၏ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြု၍ အမြန်ဆုံးလည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပုဂ္ဂလိကမှ ဆောင်ရွက်လျက်ရှိသည့် စဉ့်ကိုင်မြို့နယ်ရှိ မြန်မာမန္တလေး ဖူရှင်းစတီးလ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအနေဖြင့် ထုတ်ကုန်ပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစေရေးအတွက် စက်ရုံရှိ ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးသည့်အပြင် နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင်လည်း စမ်းသပ်စစ်ဆေး၍ အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ သို့မှသာ စက်ရုံမှထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သုံးစွဲသူပြည်သူများက ယုံကြည်စိတ်ချစွာ အသုံးပြုလာမည်ဖြစ်ကြောင်း၊ သံ၊ သံမဏိများကို အရည်အသွေးကောင်းမွန်စေရန်၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများနှင့်ပတ်သက်၍ နည်းပညာများကို မျှဝေပေးရမည် ဖြစ်ကြောင်း၊ သံနှင့် သံမဏိထုတ်ကုန်များ အရည်အသွေးကောင်းမွန်လျှင် မြေငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက သုံးစွဲသူပြည်သူများ ထိခိုက်ပျက်စီးမှု၊ ဘေးအန္တရာယ် ဖြစ်ပွားမှုလျော့နည်းမည်ဖြစ်၍ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားကာ သံမဏိချောင်း အရွယ်အစားမျိုးစုံထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများအဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး
နေပြည်တော် ဧပြီ ၂၅
မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုနှင့်ဆက်စပ်၍ ဈေးကွက်၌ ဘိလပ်မြေဝယ်လိုအား မြင့်တက်ခဲ့သဖြင့် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ရှိ မြို့ကြီးအချို့တွင်ရောင်းဝယ်လျက်ရှိသည့်ဆောက်လုပ်ရေးပစ္စည်းဆိုင်များကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များ က ဧပြီ ၂၃ ရက်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်နှင့် ဂိုဒေါင်တစ်လုံးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၄ မြို့နယ်မှဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၇ ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့် ကုမ္ပဏီသုံးခုတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ ဆောက်လုပ်ရေးသုံး ပစ္စည်းဆိုင် ၈၈ ဆိုင်တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် လေးဆိုင်တို့ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၁၉ ဆိုင်တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်တို့ကိုလည်းကောင်း ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခဲ့ရာ စုစုပေါင်းဆောက်လုပ်ရေးပစ္စည်းဆိုင် ၃၂၀ ကို စစ်ဆေးတွေ့ရှိချက်များအရ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ အမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင် ၃၀၊ ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသော ဆိုင် ၃၂ ဆိုင်နှင့် ဘိလပ်မြေအိတ်များအား မသမာသည့်နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း ရတနာသီရိရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် စိုးတင့်အောင်အပါအဝင် ရှစ်ဦးတို့အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ မြှင့်တင်ရောင်းချသူများကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
ရန်ကုန် ဧပြီ (၂၃)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၄၆(စီ)၊ အောင်တော်မူလမ်းသွယ်၊ သံလွင်လမ်း၊ ရွှေတောင်ကြား၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ ဟိုလီဆီး (ဗာတီကန်မြို့ပြနိုင်ငံ)သံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဌာန(၂) ၊ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဟိုလီဆီး(ဗာတီကန်မြို့ပြနိုင်ငံ)သံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် ခင်မင်ရင်းနှီးစွာ တွေ့ဆုံ၍ ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E Tun Abdullah Bin Haji Ahmad Badawi ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
ရန်ကုန် ဧပြီ ၂၃
မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Tun Abdullah Bin Haji Ahmad Badawi သည် ဧပြီ ၁၄ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၈၂ ပြည်ထောင်စုရိပ်သာလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက် လက်မှတ်ရေးထိုးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားခဲ့ပြီး ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။
H.E. Tun Abdullah Bin Haji Ahmad Badawi သည် မလေးရှားနိုင်ငံ၏ ငါးဦးမြောက်ဝန်ကြီးချုပ် အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
နေပြည်တော် ဧပြီ ၂၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်း ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများနှစ်သစ်တွင်လူသစ်၊စိတ်သစ်၊ခွန်အားသစ်များဖြင့်ရုံးတက်ရောက်၊လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်လျက်ရှိ
နေပြည်တော် ဧပြီ ၂၂
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ကူးပြောင်းသည့် မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်ကုန်ဆုံးသည့် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများအားလုံးသည် သက်ဆိုင်ရာရုံးဌာနများသို့ စတင်တက်ရောက်ကြပြီး နှစ်သစ်တွင် လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် အင်ပြည့်အားပြည့်ဖြင့် တက်ကြွလျက်ရှိသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ဝန်ကြီးဌာန ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဌာနဆိုင်ရာရုံးများတွင် ဝန်ထမ်းအင်အားအနည်းဆုံးဖြင့် ရုံးလုပ်ငန်းများကို လုပ်ငန်းစဉ်မပျက်ဆောင်ရွက်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများကို တာဝန်ရှိသူများနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းစစ်ဆေး၍ လိုအပ်သည့် ပြင်ဆင်မွမ်းမံမှုများနှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ နေထိုင်မှုအဆင်ပြေစေရေးအတွက် မြို့နယ်၊ ရပ်ကွက်အလိုက် ယာယီတည်းခိုရေးစခန်းများ စီစဉ်ဆောင်ရွက်ပေးထားသည်။
ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှား
ထို့အတူ ဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ယာယီတည်းခိုရေးစခန်းများတွင် စနစ်ကျသည့် သောက်သုံးရေစနစ်၊ လျှပ်စစ်မီးစနစ်၊ ချက်ပြုတ်မှုစနစ်၊ မိလ္လာစနစ်နှင့် ကျန်းမာရေး ကြိုတင်ကာကွယ်မှုစနစ်တို့ကို စီစဉ်ဆောင်ရွက်ပေးထားရာ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများက အခက်အခဲများကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးခဲ့မှုကြောင့် ယနေ့ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်ကုန်ဆုံးသည့်နေ့တွင် နိုင်ငံ့ဝန်ထမ်းများအားလုံးသည် မိမိနေထိုင်ရာ ယာယီတည်းခိုရေးစခန်းများ၊ နေထိုင်ရာနေရာများမှ ဌာနဆိုင်ရာကြိုပို့မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာရုံးဌာနများသို့ စုံလင်စွာ တက်ရောက်လာကြပြီး သက်ဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များကို လူသစ်၊ စိတ်သစ်၊ ခွန်အားသစ်များဖြင့် စတင်ဆောင်ရွက်လျက်ရှိကြသည်။
တာဝန်ရှိသူများတက်ရောက်
နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများအားလုံး ဝန်ထမ်းများ စုံလင်စွာတက်ရောက်လျက်ရှိပြီး ရုံးလုပ်ငန်းများ လည်ပတ်လျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန၏ နှစ်သစ်ကူးရုံးဖွင့်ရက် ပထမနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဝန်ကြီးရုံးရှေ့ဥပစာရှိ ယာယီရုံးအဆောက် အအုံ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့သည် သင်္ကြန်ရုံးပိတ်ရက်ရှည်မှ ဝန်ထမ်းများအနားယူပြီး စိတ်သစ်၊ လူသစ်ဖြင့် စတင်ရုံးတက်သည့်နေ့ဖြစ်သကဲ့သို့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တုံ့နှေးသွားရသည့် ရုံးလုပ်ငန်းများ ပြန်လည်စတင်သည့်နေ့လည်းဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ပြီး အစိုးရယန္တရား ပုံမှန်လည်ပတ်မှု စတင်သည့် အချိန်ကာလလည်းဖြစ်ကြောင်း။
လုပ်ငန်းမပျက် ပြန်လည်လည်ပတ်
နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ယခုရက်မှစတင်၍ လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်ကြောင်း၊ သတင်းများထုတ်ပြန်ရေးနှင့်ပတ်သက်၍ အသေးစိတ်မှာကြားပြီးဖြစ်ရာ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် နေ့စဉ် ဝန်ထမ်းများစုံလင်စွာ တက်ရောက်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ မိမိတို့ရုံးနှင့် ရုံးဝန်းကျင်တွင် ယာယီဘာရှာများ၊ မိုးကာတဲများဆောက်လုပ်၍ ဝန်ထမ်းများ နေရာချထားပေးပြီးဖြစ်ရာ မပျက်မစီးဘဲ ကျန်ရှိခဲ့သည့် ရုံးအဆောက်အအုံ၏ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် တက်ရောက်လာသည့် ဝန်ထမ်းများကို အဆင်ပြေအောင် နေရာချထားကာ လုပ်ငန်းမပျက် ပြန်လည်လည်ပတ်အောင် စီစဉ်ဆောင်ရွက်သွားကြရန် မှာကြားသည်။
လိုက်လံကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းများ လတ်တလောနေရာချထားပေးမှုနှင့် မိုးကာတဲများ၊ ဘာရှာတဲများ ဆောက်လုပ်နေမှုအခြေအနေ၊ သွားလာနေထိုင်ရေး စီစဉ်ပေးထားမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရုံးဝန်းကျင်ဆောက်လုပ်ထားသော မိုးကာတဲများ၊ ယာယီတဲများ ဆောက်လုပ်နေမှု၊ ဆောက်လုပ်ရန် လျာထားနေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ အခြားသောဝန်ကြီး ဌာနများတွင်လည်း လုပ်ငန်းစတင်ရက်ဖြစ်သည့်အားလျော်စွာ အစည်းအဝေးများကျင်းပခြင်း၊ နေရာချထားမှုများ လိုက်လံကြည့်ရှုခြင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်