
ငလျင်ဘေးကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာစခန်းများရှိ ပြည်သူများအား လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများဆောင်ရွက်
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်း မန္တလေးမြေငလျင်ကြီးဘေးကြောင့် ယာယီရွှေ့ပြောင်းနေထိုင်ရာ စခန်းများရှိ ပြည်သူများအား လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရန် နှစ်သိမ့်ဆွေးနွေးပညာပေးလုပ်ငန်းများ (Psychosocial support and counseling) ကို ဆရာဝန်များ၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှု ဆက်ဆံရေးမှူးများနှင့်အခြေခံကျန်းမာရေးဝန်ထမ်းများက ယာယီရွှေ့ပြောင်းနေထိုင်ရာစခန်းများတွင် ဆောင်ရွက်လျက် ရှိသည်။
(၃-၅-၂၀၂၅)ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ရွှေအင်တောင်ဘုန်းတော်ကြီးကျောင်းတွင် ငလျင်ဘေးသင့် အိမ်ထောင်စု (၅၁)စု ကိုလူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေရေး နှစ်သိမ့်ဆွေးနွေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့လိုအပ်သူများကို သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်၍ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့ သင်တန်းများဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ဥက္ကဋ္ဌရုံးညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ နှင့်အတူ မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)သို့ ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ် သင်တန်းလျာထားချက်နှင့်အညီ သင်တန်းသားများထားရှိမည့် သင်တန်းအိပ်ဆောင်၊ စားရိပ်သာများ၊ သင်တန်းခန်းမများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ကြိုတင်ပြင်ဆင်
ဆက်လက်၍ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်အစည်းအဝေးခန်းမ၌ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ပါမောက္ခချုပ်ဦးကျော်ထွေး၊ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်ပညာရပ်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက လမ်းညွှန်ချက်နှင့်အညီ ၂၀၂၅-၂၀၂၆ လေ့ကျင့်ရေးနှစ်အတွက် သင်တန်းလျာထားချက်များကို ဇွန်လဆန်းတွင် သင်တန်းများအောင်မြင်စွာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာအဆောက်အဦများ အဆင်သင့်ဖြစ်နေသလို ပညာဌာနမှူးများကလည်း ဝန်ထမ်းများအတွက် အသိပညာ၊အတတ်ပညာများကို အရည်အသွေးအပြည့်အဝပို့ချပေးနိုင်ပါက မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ အောင်မြင်စွာကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းအင်အားအလိုက် သင်တန်းအိပ်ဆောင်၊ စာသင်ဆောင်များတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ လေ့ကျင့်သင်ကြားနိုင်ရေးနှင့် စားသောက်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရန်လိုကြောင်း၊ ပညာဌာနအလိုက် သင်ရိုးညွှန်းတမ်း၊ ပို့ချဘာသာရပ်များစနစ်တကျပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်

ညောင်ပင်သာကျေးရွာရေဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ဆောက်ပေးခဲ့သည့် အိမ်ရာများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
နေပြည်တော် မေ ၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ ညီနောင်အသင်းများ၏ ပံ့ပိုးကူညီမှုများဖြင့် နေပြည်တော် မကျည်းပင်ကျေးရွာ အုပ်စု ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်တည်ဆောက်ပေးခဲ့သည့် အိမ်ရာစီမံကိန်းရာနှုန်းပြည့်ပြီးစီးသည့်အတွက် ကျေးရွာနေပြည်သူများသို့ အိမ်ရာများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် မကျည်းပင်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ညောင်ပင်သာကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံရွာသူရွာသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်ကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ညောင်ပင်သာကျေးရွာမှ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ ကျေးရွာပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်ခဲ့ကြရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် အိမ်ရာများကို ကျေးရွာနေပြည်သူများထံသို့ လွှဲပြောင်းပေးခြင်းဖြစ်ပါကြောင်း၊ ကျေးရွာ၌ နေအိမ် ၂၂ လုံးအပြင် ဒေသခံများ၏အကျိုးကိုဖော်ဆောင်နိုင်ရန် Community Centerကိုပါ ထည့်သွင်းတည်ဆောက် ပေးထားပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် လက်မှုပစ္စည်းထုတ်လုပ်ခြင်း သင်တန်းများကိုလည်း ဆောင်ရွက်ပေးသွားရန် လျာထားပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် ညောင်ပင်သာကျေးရွာအား ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း စံပြကျေးရွာတစ်ခုအဖြစ် ဖော်ဆောင် သွားနိုင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးပေးသွားစေလိုပါကြောင်း၊ ညောင်ပင်သာ ကျေးရွာပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ကူညီပံ့ပိုးပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျေးလက်နေပြည်သူများ၏ နေထိုင်မှု အဆင့်အတန်းနှင့် ပညာရေးမြင့်မားလာရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျေးရွာထုတ်ကုန်ပစ္စည်းများ တစ်နိုင်တစ်ပိုင်ထုတ်လုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ကြောင့် နေပြည်တော်အတွင်း ပျက်စီးဆုံးရှုံးခဲ့ရမှုများကို မြို့တော်အင်္ဂါရပ်နှင့်အညီ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေမှုအခြေအနေများကို ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ညောင်ပင်သာကျေးရွာ၏ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းသော စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့်ပြည်သူများသို့ ပြန်လည်တည်ဆောက်ပေးခဲ့သည့် အိမ်ရာများအား ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က ဒေသခံရွာသူရွာသားများထံသို့ လွှဲပြောင်း ပေးအပ်ကာ ဒေသခံရွာသူရွာသားများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာအတွင်း ရေဘေးသင့်ဒေသခံ ရွာသူ ရွာသားများအတွက် ဆောက်လုပ်ပေးထားသောနေအိမ်များသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
သတင်းစဉ်

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်
နေပြည်တော် မေ ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းသင်တန်းဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်းပြီး သင်တန်းပို့ချခြင်းဖြစ်ကြောင်း၊ သင်တန်း သားများအနေဖြင့်သေချာစွာလိုက်နာမှတ်သားပြီး ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရာတွင် ရှင်းရှင်းလင်းလင်းနှင့် ထိရောက်စွာပို့ချဆောင်ရွက်နိုင်ရန်လိုကြောင်း၊ သို့မှသာ ရွေးကောက်ပွဲကာလလက်တွေ့အသုံးပြုဆောင်ရွက်ရာတွင် အခက်အခဲ အမှားအယွင်းကင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း မဲရေတွက်ခြင်းအတွက်အချိန်ကြန့်ကြာမှုများ၊ ကိန်းဂဏန်းလွဲမှားမှုများကို ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့် မဲရလဒ်များ ထုတ်ပြန်ဆောင်ရွက်နိုင်မည်ဖြစ်၍ အငြင်း ပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများလည်း မရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းအား အလေးအနက်ထား အာရုံစိုက်တက်ရောက်ကြရန် ပြောကြား သည်။
ယင်းနောက် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ အရာထမ်း၊ အမှုထမ်းများ နှင့်ဝန်ထမ်းရေးရာကိစ္စများ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ယူလျက်ရှိ
နေပြည်တော် မေ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အေးချမ်းစွာအနီးကပ်သင်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက်လေ့ကျင့်သင်ကြားပေးမည့် တက္ကသိုလ်များမှ ပါမောက္ခ၊ဆရာ ဆရာမများအားတွေ့ဆုံကာ ယခုကဲ့သို့ သဘာဝဘေးဒဏ်ခံခဲ့ရ၍ စာမေးပွဲပြန်လည်ဖြေဆိုကြရမည့် ကျောင်းသားကျောင်းသူများ အတွက် စေတနာ မေတ္တာများဖြင့် လာရောက်သင်ကြားပြသပေးနေခြင်းသည် အလွန်မွန်မြတ်သော ပညာဒါနကြီးတစ်ခုပင်ဖြစ်ပါကြောင်း၊ဆရာ ဆရာမများ၊ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လေးခုမှ ကျောင်းသား ကျောင်းသူများအားလုံး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းတိုက်တွန်းနှိုးဆော်ပေးကြစေလိုပါကြောင်းပြောကြားကာ ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအလိုက် ဘာသာရပ်ဆိုင်ရာ အနီးကပ် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားသည်။
ထိုမှတစ်ဆင့်ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊မြို့မအခြေခံပညာအထက်တန်းကျောင်း၊ မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ) ၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပျော်ဘွယ်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စာသင်ခန်းများသို့ သွား ရောက်၍ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရခြင်းအခြေအနေ၊ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်စေရေး မိဘများက ပံ့ပိုးပေးရန် လိုအပ်မှုအခြေအနေများကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်