
(၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၄) ကြိမ်မြောက် အာဆီယံ - အမေရိကန်ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ရန်ကုန်မြို့ Wyndham Grand Yangon Hotel ၌ ကျင်းပခဲ့သည်။
ဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံဒေသတွင်းပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် များစွာနှစ်ထောင်းအားရဖြစ်မိပါကြောင်း၊ အာဆီယံ၏မျှော်မှန်းချက်ဖြစ်သည့် ဒေသတွင်းပေါင်းစည်းဆက်သွယ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခံနိုင်ရည်ရှိမှုများကို မိမိတို့အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အတိုင်း အာဆီယံမျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ ဘက်စုံပို့ဆောင်ရေးအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားသယ်ယူပို့ဆောင်ရေးပင်မစီမံကိန်း၏ ဦးစားပေးလုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခံနိုင်ရည်ရှိရေးနှင့်ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ယခုအစည်းအဝေးများတွင် အာဆီယံ - နယူးဇီလန် လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ချုပ်ဆိုရေး၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လမ်းပြမြေပုံရေးဆွဲရေး၊ အာဆီယံဒေသတွင်း သင်္ဘောစွန့်ပစ်ပစ္စည်းများ စဉ်ဆက်မပြတ် စီမံခန့်ခွဲရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ အပြီးသတ်ဆွေးနွေးအတည်ပြုရေး စသည်များ ဆွေးနွေးသွားမည်ဟု သိရှိရသည့်အတွက် ကောင်းမွန်သည့် ရလဒ်များထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ အာဆီယံ၏ အကြားအလပ်မရှိသော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ပေါင်းစည်းထားသည့် သယ်ယူပို့ဆောင်ရေးကွန်ရက်ဖြစ်ပေါ်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ကူညီပံ့ပိုးမှုများမှတစ်ဆင့် အပြည့်အဝအောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အဖွဲ့ဝင်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေးများကို ၂၀၁၄ ခုနှစ်တွင် အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ထပ်မံအလှည့်ကျရောက်သဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်မည်
၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး အသင်းရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုမဲခွဲပွဲကို မေ ၉ ရက်က ပြုလုပ်ရာ အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် အိမ်ရှင် ဗီယက်နမ်၊ မြန်မာ၊ လာအို၊ တီမော၊ အုပ်စု(ခ)တွင် လက်ရှိ ချန်ပီယံ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။
ယင်းပြိုင်ပွဲကို လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြီးနောက် ယခု ၂၀၂၅ ခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး မေ ၈ ရက်ကတည်းက လေ့ကျင့်ပြင်ဆင်နေကာ အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အပြီးတွင် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် သုံးကြိမ်တွင် ထိုင်းအသင်းက နှစ်ကြိမ်၊ ဩစတြေးလျအသင်းက တစ်ကြိမ် ဗိုလ်စွဲထားပြီး မြန်မာအသင်းသည် သုံးကြိမ်စလုံး ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သော်လည်း တတိယ နှစ်ကြိမ်နှင့် စတုတ္ထတစ်ကြိမ် ရရှိထားသည်။

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပညာရေးဒီဂရီကောလိပ် အားကစားရုံအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြန်မာ့လက်ရွေးစင် မချစ်နိုဒီဆောင်းနှင့်အဖွဲ့က ဗိုဗီနမ်အားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေတင်ဆက်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် နိုင်ငံတော်၏ “ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုပြီး ချမှတ်ထားရှိပါကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန်နှင့် အကျင့် စာရိတ္တကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်အောင် လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးနေခြင်း ဖြစ်ပါကြောင်း၊ လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) ကိုလည်း ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး လူငယ်ရေးရာမူဝါဒတွင် လူငယ်ဆိုင်ရာအဓိကကဏ္ဍ (၁၆) ရပ်ပါရှိပါကြောင်း၊ လူမှုရေး ဦးတည်ချက်၏ ဒုတိယအချက်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကာ အလေးထားအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား/သင်တန်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ လာရောက်ဟောပြောပို့ချပေးကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်လူငယ်ရေးရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးက ဗိုဗီနမ် အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာအတန်းအလိုက် အခမဲ့ထောက်ပံ့သွားမည်ဖြစ်
နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိရာ ယခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းအပ်နှံမည့် ကျောင်းသား/ ကျောင်းသူများအတွက် အခမဲ့ပညာရေးအဖြစ် သူငယ်တန်းမှ ဒွါဒသမတန်းအထိ သက်ဆိုင်ရာ အတန်းအလိုက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာ အစရှိသည်တို့ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကာလအဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက် အထိ သတ်မှတ်ထားကြောင်းနှင့် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝ ကောက်ခံသွားမည်မဟုတ်ကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း မိဘပြည်သူများအနေဖြင့် ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုကြရန်၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးနိုင်ရေး ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ ကျောင်းထွက်သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးတို့အတွက် မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။
ကျန်းမာရေးကဏ္ဍအနေဖြင့် နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာ ကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ပေးရန်နှင့် ဆေးကုသမှုခံယူနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား လိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ကြိမ်ရေပြည့်မီအောင် ထိုးနှံရေးတို့ကို မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံထားသည်။
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် စည်းကမ်းများအနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ E-စီးကရက် (Vape)၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး၊ ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့ကို မိဘများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံ အသိပေးထားသည်။
ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော်သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရှိရသည်။

ကျောက်တလုံးကြီးမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသား လူငယ်များနှင့် ပြည်သူများ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို မေလ ၁၉ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြသခဲ့သည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်ကို နွေရာသီကျောင်းပိတ်ရက်အတွင်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုကြပြီး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဆိုင်ရာ ပြဋ္ဌာန်းချက်၊ ကလေးအလုပ်သမားဟု သတ်မှတ်နိုင်သည့် အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများ စသည်တို့ကို ထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေး အကြောင်းအရာများကို ကျောင်းသား/သူများ၊ ပြည်သူများ ပိုမိုသိရှိစေရေး အသိပညာပေး လုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲတွင် ဒဂုံ (၁) မှ တစ်ဦးချင်းတတိယဆုများရရှိ
ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့ ဖက်ဒရယ်နယ်မြေ ဆိုင်ရပ်စ်၌ ကျင်းပသော The Open International Biology Olympic(OIBO) 2025 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအတွင်း တစ်ဦးချင်း တတိယဆုများ ဆွတ်ခူးခဲ့ကြပြီး မေ ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက နိုင်ငံတော်အလံများ၊ ဗီနိုင်းပိုစတာနှင့် ပန်းစည်းများကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။
အဆိုပါ The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲသည် စက်မှုလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် အတွေ့အကြုံဖလှယ်ခြင်းတို့ကို ဖွံ့ဖြိုးတိုးတက်စေမည့် ကျောင်းသားလူငယ်များအား လက်ရှိ ဇီဝဗေဒနှင့်ဇီဝနည်းပညာဆိုင်ရာ ပြဿနာများကို လေ့လာရန်နှင့် ဖြေရှင်းရန်အတွက်ရည်ရွယ်သည့် နိုင်ငံတကာ ဇီဝဗေဒပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံတစ်နိုင်ငံစီကို အသင်းတစ်သင်းအဖြစ် ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ မေ ၁၀ ရက်မှ ၁၇ ရက်အထိ ပြိုင်ပွဲ ကာလတစ်လျှောက် Zoology ၊ Botany ၊ Practical ပြိုင်ပွဲများမှ တစ်ဦးချင်းတတိယဆုများ ဆွတ်ခူးရရှိခဲ့ကြသည်။
ယင်းပြိုင်ပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီ (Sochi) မြို့တွင် ၇ ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် အခြေခံပညာအဆင့်တွင် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆ ဦး လိုက်ပါယှဉ်ပြိုင်ခဲ့ကြရာ တစ်ဦးချင်းအလိုက် တတိယဆုများကို ရရှိခဲ့ကြောင်းသိရသည်။

ကျောက်တလုံးကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပထမနိမ္မိတသပိတ် မြတ်ဘုရားတောင်ပေရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မူမူသိန်းက ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းရာများကို ဒေသခံပြည်သူများ ပိုမိုသိရှိစေရန် Power Point slide များဖြင့် ဟောပြောပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ငလျင်ဘေး၊ မီးဘေး၊ လေဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး ကြိုတင်ကာကွယ်ရေးအကြောင်းအရာများပါဝင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းနှင့် အဆိုပါအသိ ပညာပေးဟောပြောပွဲများကို ကျောက်တလုံးကြီးမြို့ နောင်ခဲကျေးရွာ၊ ဟမ်းဆီးကျေးရွာနှင့် နောင်ကားကျေးရွာတို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ ငလျင်ဘေးသင့်၍ နေထိုင်ရန်ခက်ခဲသော ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင်တည်ဆောက်
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ငလျင်ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ငလျင်ဘေးကြောင့် နေထိုင်ရန်အခက်အခဲရှိသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင် တည်ဆောက်နေကြောင်း သိရသည်။
အဆိုပါ Container House များကို ၆၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းတွင် နေရာချထားပေးပြီး မြေညှိခြင်းနှင့် တပ်ဆင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေ ၂၀ ရက်အထိ Container House အလုံး ၂၀ ပြီးစီးပြီဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“Container House တွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတာဖြစ်ပါတယ်။ တပ်ဆင်ရာမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆောက်အအုံနဲ့ ကုန်ဌာနအပြင် ဆက်စပ်တဲ့ဌာနတွေ ပူးပေါင်းပြီး စက်ယန္တရားများအကူအညီနဲ့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်မီးရရှိရေး၊ သောက်ရေရရှိရေးနဲ့ မိလ္လာစွန့်ပစ်ဖို့ကစလို့ ဆောင်ရွက်ပေးမှာပါ”ဟု ၎င်းက ပြောသည်။
Container House များကို ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ ၆၆ လမ်းအရှေ့ဘက်တွင် အရာထမ်းများအတွက် ၆၄ လုံး၊ လမ်းအနောက်ဘက်တွင် အမှုထမ်းများအတွက် ၈၆ လုံး စုစုပေါင်းအလုံး ၁၅၀ တပ်ဆင် တည်ဆောက်ပေးနေပြီး အဆောက်အအုံများကြားသွားလာနိုင်ရန် လမ်းများဖောက်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်၍ Container တစ်လုံးလျှင် အလျား ပေ ၂၀၊ အနံ ၁၀ ပေ၊ အမြင့် ၈ ပေခွဲခန့်ရှိကြောင်း သိရသည်။
“Container House တစ်ခုစီရဲ့ အမိုးအကာ၊ အခင်း၊ တံခါး စတဲ့လိုအပ်တာတွေက Packing နဲ့ ရောက်လာတာကို ဒီမှာ ပြန်လည်တပ်ဆင်တည်ဆောက်ရတယ်။ ပထမတစ်လုံး နှစ်လုံး တပ်ဆင်တုန်းက မကျွမ်းကျင်သေးလို့ တည်ဆောက်ချိန်ကြာပေမယ့် နောက်တော့ ကျွမ်းကျင်ပြီး မြန်လာတယ်” ဟု ဆက်လက်ပြောကြားသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ငလျင်ဒဏ်သင့် အဆောက်အအုံများ ၊ ရှင်းလင်းဖယ်ရှားရေး၊ ငလျင်ဘေးကြောင့် အခက်အခဲရှိသူများအား ယာယီအဆောက်အအုံများ တည်ဆောက်နေရာချထားရေး၊ သောက်သုံးရေရရှိရေး၊ သန့်ရှင်းရေး စသည်တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၅၀) ဦးအား ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် (၅၀)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို မေလ ၁၉ ရက်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအနေဖြင့် မိမိဒေသလုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တည်ငြိမ်မှုရှိစေရေးတို့အတွက် အထူးအလေးထားဆောင်ရွက်နိုင်ရေး၊ ထူးခြားဖြစ်စဉ်များ၊ နယ်မြေသတင်းများ ရရှိပါက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့နိုင်ရေးနှင့် အခြားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးရဲလင်းထွန်း၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် တာဝန်ရှိသူများကမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်(၅၀) ဦးအား တစ်ဦးလျင် (၂၀၄,၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။