photo

အဆုတ်ကင်ဆာဖြစ်စေသည့် အမွှေးတိုင်နှင့် ခြင်ဆေးခွေအန္တရာယ်

ဘာသာရေးအရ ဝတ်ပြုဆုတောင်းရာတွင် အမွှေးတိုင်ထွန်း၍ဖြစ်ဖြစ်၊ ခြင်အန္တရာယ်ကင်းဝေး စေရန် ခြင်ဆေးခွေထွန်း၍ဖြစ်စေ မိမိတို့ပတ်ဝန်းကျင်တွင် မြင်တွေ့နေကျဖြစ်သောကြောင့် မထူးခြား သော်လည်း ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေသည်ကိုတော့ လူတိုင်း သတိမပြုမိကြပေ။

ထို့ကြောင့် အမွှေးတိုင် (သို့မဟုတ်) ခြင်ဆေးခွေများနှင့် ပတ်သက်၍ အမှုမဲ့အမှတ်မဲ့ မနေကြဘဲ ဂရုပြုမိစေရန် ဖော်ပြပေးလိုက်ပါသည်။ အမွှေးတိုင်များ၊ခြင်ဆေးခွေများမှ ထွက်လာသည့် မီးခိုးနံ့နှင့် အမွှေးနံ့တို့တွင် လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ပန်းနာရင်ကြပ်ရောဂါ၊ ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းများကို ဖြစ်စေသည့် ဟိုက်ဒရိုကာဗွန်များ ပါဝင်နေသည်ဟု သုတေသီများက အတည်ပြုဖော်ပြထားသည်။ မှတ်တမ်းများအရ အမွှေးတိုင်များ၊ ခြင်ဆေးခွေများမှထွက်သည့် မီးခိုးငွေ့များကြောင့် ဖြစ်စေနိုင်သည့် အကျိုးသက်ရောက်မှု များမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုအဖြစ် ချောင်းဆိုးခြင်းနှင့် နှာချေ/နှာမွှန်ခြင်းအပြင် ခြင်ဆေးခွေနှင့် အမွှေးတိုင်တို့မှ ထွက်လာသည့် ပြာမှုန့်များကလည်း အရေပြားယားယံစေခြင်း၊ ဓာတ်မတည့်မှုများကိုဖြစ်စေခြင်း၊ မျက်စေ့ယားယံခြင်း/ရောင်ရမ်းခြင်းများကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် ပို၍အဖြစ်များသည်။ 

အမွှေးတိုင်နှင့် ခြင်ဆေးခွေများမှ ထွက်လာသည့် မီးခိုးငွေ့ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ပါဝင်နေပြီး အဆိုပါဓာတ်ငွေ့က အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ထဲသို့ ရောက်ရှိသွားပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာနှင့် အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သည်။ ထို့ပြင် အမွှေးတိုင်နှင့် ခြင်ဆေးခွေမှ ထွက်လာသည့် မီးခိုးငွေ့များတွင် ခဲ၊ သံနှင့် မဂ္ဂနီဆီယမ် ဓာတ်များပါဝင်နေပြီး ထိုဓာတ်များက ခန္ဓာကိုယ်ထဲသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကာ အဆိပ်အတောက်များအဖြစ် ခန္ဓာကိုယ်အတွင်းဝင်ရောက်လာသည့်အပြင် ပတ်ဝန်းကျင်လေထုကိုပါ ညစ်ညမ်းစေနိုင်သည်။ အထူးသဖြင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်စေနိုင်သောအခြေအနေသည် လေလုံခန်းထဲတွင် နေ့စဉ် အမွှေးတိုင် (သို့မဟုတ်) ခြင်ဆေးခွေ များကို ထွန်းထားပြီး ၎င်းတို့၏အနံ့များကို ရှူရှိက်မိသူများသည် စီးကရက်သောက်သုံးသူများထက် ၂၀ % ပိုများသည်ဟု လေ့လာချက်များအရ သိရပါသည်။ 

အချုပ်အားဖြင့်ဆိုသော် လေဝင်လေထွက်နည်းသောအခန်းတွင် တစ်နေ့တစ်နာရီခန့် အမွှေးတိုင် (သို့မဟုတ်) ခြင်ဆေးခွေများ၏အနံ့ကို ကာလကြာရှည်စွာ ရှူရှိုက်မိနေခြင်းသည် အဆုတ်ကင်ဆာကိုဖြစ်နိုင်ရန်အတွက် စီးကရက်သောက်သူထက် ပို၍အန္တရာယ်များသောကြောင့် မိမိတို့၏အသိဉာဏ်ဖြင့်သာ ဆင်ခြင်နိုင်ကြပါစေရန် ရေးသားတင်ပြလိုက်ရပါသည်။

ကိုးကား − Knowledge Zone

27.05.2025 | Views : 1
ရေထွက်တင်ပို့

မြန်မာနိုင်ငံမှရေထွက်ကုန်များကို တရုတ်နိုင်ငံ၊စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ပြန်လည်ဖြန့်ချိမည်

 

ကျင်းတုံးလေကြောင်းလိုင်း၏ ချန်ဒူး-ရန်ကုန် ကုန်တင်လေယာဉ်စတင်ပြေးဆွဲခြင်း အခမ်းအနားကို တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့၌ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါလေကြောင်း စတင်ပြေးဆွဲခြင်းအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့်အတူ စီချွမ်းပြည်နယ် လေကြောင်း တာဝန်ရှိသူများ၊ ကျင်းတုံးလေကြောင်းလိုင်း တာဝန်ရှိသူများ၊ မြန်မာနှင့်တရုတ်အကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသူများ တက်ရောက်ခဲ့သည်။ 

ထို့နောက် ချန်ဒူး Shuangliu လေကြောင်း စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ချန်ဒူး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအုပ်စုကုမ္ပဏီနှင့် JD လေကြောင်းတို့သည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ 

အဆိုပါ ကျင်းတုံးလေကြောင်းလိုင်း၏ လေယာဉ်အမှတ် 737-800BCF သည် အထည်အလိပ်နှင့်ပိုးထည် အပြည့် တင်ဆောင်ကာ Chengdu Shungliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၂၀၂၅ ခုနှစ်၊ မေလ (၂၆) ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် (၁) နာရီ (၃၆) မိနစ်တွင် တိုက်ရိုက်ပျံသန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်တို့ကို တင်ဆောင်၍  တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။

27.05.2025 | Views : 4
photo

မယ်ဆိုင်ချောင်းရေ တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အထက် ထပ်မံရောက်ရှိနိုင်

မယ်ဆိုင်ချောင်းရေသည် ၂၀၂၅ ခုနှစ်၊ မေလ (၂၆)ရက်နေ့မှ နောက် (၁၂) နာရီအတွင်း တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ၏ စိုးရိမ်ရေမှတ်ကို ထပ်မံရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မေလ (၂၆)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၃၀) ၏ တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်တွင် ရောက်ရှိနေသည့်အတွက် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။

သတင်း - မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

27.05.2025 | Views : 1
photo

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရင်ပြင်နီနှင့် ဘယ်ဒန်အန်ခါရှိ အာကာသပြတိုက်တွင် လေ့လာ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၂၃ ရက် မွန်းလွဲပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့တော်ရှိ ကမ္ဘာကျော်သမိုင်းဝင်နေရာများသို့ သွားရောက် လေ့လာခဲ့သည်။ 

ဦးစွာ ဒုတိယဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် ဘာသာရေးသမိုင်း၏ အထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာ အကြီးမားဆုံးနှင့် အကျော်ကြားဆုံး ရင်ပြင်ဖြစ်ကာ မော်စကိုမြို့တော်၏ သမိုင်းဝင်ဗဟိုချက်လည်းဖြစ်သည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရင်ပြင်နီ (လှပ သောရင်ပြင်) သို့ရောက်ရှိခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော သူရဲကောင်းများအား ဂုဏ်ပြုထာဝရမီးဂူဖြစ်သည့် အညတရသူရဲကောင်းတစ်ဦး၏ ဂူဗိမာန်၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကိုအောင်နိုင်ခဲ့သော ဆိုဗီယက်ဗိုလ်ချုပ်ကြီး ဂျော့ဂျ်ဇူးကော့ဖ် ဂုဏ်ပြုရုပ်တု၊ Resur- rection Gate၊ စစ်သမိုင်းပြတိုက်၊ စစ်ရေးပြနေရာ၊ ၁၈၉၃ ခုနှစ်တွင် ဗဟိုစျေးဝယ်စတိုးအဖြစ် စတင်ဖွင့်လှစ်ခဲ့သည့်ဂွန်း (GUM) ကုန်တိုက်၊ ၁၅၆၁ ခုနှစ်က တည်ဆောက်ခဲ့သည့် ဗာစီလီး ဘလာရမ်းနီရီဘုရားကျောင်း၊ ကရင်မလင်နန်းတော် နံရံများနှင့် မျှော်စင်များ၊ ၁၈၁၂ ခုနှစ်တွင် နပိုလီယံ၏တပ်များကို အောင်မြင်စွာ တိုက်ထုတ်နိုင်ခဲ့သဖြင့် အများပြည်သူတို့၏ လှူဒါန်း ငွေများဖြင့် ၁၈၃၇ - ၁၈၈၃ ခုနှစ်များတွင် တည်ဆောက်ခဲ့သော ခရစ်စထ်စပါစီးကျေးလ်ဘုရား ရှိခိုးကျောင်း၊ မြို့တော်အလယ်ဗဟိုနေရာ (ဇီးရီုးကီလိုမီတာ)တို့တွင် လှည့်လည်လေ့လာ ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မော်စကိုမြို့တော်မြောက်ပိုင်းရှိ စတာလင်လက်ထက် ၁၉၃၀ ပြည့်နှစ်ကျော်နှင့် ၁၉၅၄ ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုခေတ်၏ အမျိုးသားအကျိုးစီးပွား အောင်မြင်မှုသမိုင်းများကို ခင်းကျင်းပြသသည့် ပြတိုက်များ၊ အံ့သြဘနန်း ဗိသုကာလက်ရာများ၊ အပန်းဖြေဥယျာဉ်များတည်ရှိရာ ဘယ်ဒန်အန်ခါ (VDNKh) ပန်းခြံသို့ ရောက်ရှိခဲ့ပြီး “Friendship of Peoples” ရေပန်းနှင့် ပြတိုက်များတွင် ကြည့်ရှုလေ့လာသည်။

ဒုတိယဝန်ကြီးသည် အက်တမ် (ATOM) ပြခန်းတွင် လေ့လာပြီးသည့်နောက် စတုရန်းမီတာ ၁၀၀၀ ကျော်ကျယ်ဝန်းသည့် လေကြောင်းနှင့် အာကာသဆိုင်ရာ ပြခန်းသို့ရောက်ရှိခဲ့ပြီး ဇုန် ၁ အာကာသလမ်းမပြကွက်များ၌ အလေးချိန်တန်ပေါင်း ၃၀ ကျော်ရှိသည့် Mir orbital station အာကာသစခန်း၏ အရွယ်အစားအစစ်အတိုင်း ပြုလုပ်ထားသော ပုံစံတူမော်ဒယ်၊ အလိုအလျောက် ထိန်းချုပ်သော Diamond orbital station အပါအဝင် လက်တွေ့အရွယ်အစားရှိသော အာကာသ စခန်းများ၊ ကမ္ဘာ့ပထမဆုံး အာကာသယာဉ်နှင့် အာကာသယာဉ်များ၏ ပုံစံများနှင့် ဒုံးပျံအင်ဂျင်နှင့် အရှိန်မြှင့်စက်များနှင့် ၂၀ ရာစု ရုရှားအာကာသပညာ၏ အောင်မြင်မှုများကို ဖော်ပြထားမှုများကို လည်းကောင်း၊ ဇုန် ၂ တည်ဆောက်ရေးပြကွက်များ၌ အာကာသဆိုင်ရာဆေးပညာ၊ ဇီဝဗေဒနှင့် နက္ခတ္တဗေဒသုတေသနများ၊ အာကာသစိုက်ပျိုးရေးပြကွက်များနှင့် "People in Space" အပိုင်းတွင် ကမ္ဘာ့ပထမဆုံး အမျိုးသားအာကာသယာဉ်မှူးဖြစ်သည့် ယူရီဂါဂါရင်နှင့် ကမ္ဘာ့ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးဖြစ်သည့် ထရယ်ရုကော့ဗာတို့ အပါအဝင်ဆိုဗီယက်ခေတ်နှင့် ရုရှားအာကာသ ယာဉ်မှူးများ၏ စွမ်းဆောင်ရည်များအကြောင်း ရှင်းလင်းဖော်ပြထားမှုများ၊ ဇုန် ၃ တွင် အနာဂတ် အာကာသစခန်းအဖြစ် စကြဝဠာ၏ တည်ဆောက်ပုံနှင့် အာကာသသိပ္ပံဖွံ့ဖြိုးတိုးတက်မှု၏ အလား အလာများ၊ ထူးခြားသောအပြန်အလှန်တုံ့ပြန်မှုရှိသည့် စမ်းသပ်ရေးယာဉ်များ၏ အကူအညီဖြင့် လာရောက်လေ့လာသူများသည် အာကာသထဲသို့ ခရီးထွက်နိုင်မှုများ၊ 5D Sphere ရုပ်ရှင်ရုံနှင့်မဟာ ပေါက်ကွဲမှုသီအိုရီမှ မားစ်ဂြိုဟ်တွင် လူသားတို့ အခြေချနေထိုင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု အပါအဝင် စကြဝဠာကိုအောင်နိုင်မှု သမိုင်းပြကွက်များကိုလည်း လေ့လာကြည့်ရှုခဲ့သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ROSCOSMOS အပါအဝင် နိုင်ငံတကာ အာကာသအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော လေကြောင်းနှင့် အာကာသဆိုင်ရာ အင်ဂျင်နီယာလူငယ်ကောင်းများကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ 

27.05.2025 | Views : 6
photo

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်း လိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ 

ထိုသို့စုံစမ်းဖော်ထုတ်လျက်ရှိရာ ယနေ့တွင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများ ကျူးလွန်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသားတစ်ဦးအား ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။ 

အဆိုပါနိုင်ငံသားအား သက်ဆိုင်ရာနိုင်ငံသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး တို့ကို မှာကြားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မေ ၂၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၂၀ အား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၈၂ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား တားဆီးကာကွယ် တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

27.05.2025 | Views : 0
photo

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ" အပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း၊ ပြည်ပမှ လေ့လာလိုသူများအနေဖြင့် Website နှင့် Mobile Application တို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှစတင်၍ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါ Website နှင့် Mobile Application တို့တွင် ရွေးကောက်ပွဲ အကြိုကာလ၌ ကြိုတင်ကြံစည် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲ အလွန်ကာလ ဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် (၃၁၅) မြို့နယ်၏ မဲစာရင်း စိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံ စစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက်၊ မှတ်တမ်းဓာတ်ပုံများ စသည်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို တစ်နေရာတည်းတွင် ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။

ထို့ပြင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှား၊ ဂျပန် စသည့် ဘာသာစကား (၅)မျိုးဖြင့် လွှင့်တင်မည်ဖြစ်ရာ လေ့လာဖတ်ရှုလိုသူများသည် https://2020election.uec.gov.mm တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍ လည်းကောင်း လေ့လာဖတ်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဥ်

27.05.2025 | Views : 0
photo

ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂) ဘီလီယံကျော်ရှိခဲ့

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံကျော် ရရှိခဲ့ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပိုငွေ ပိုမိုရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေများ အချိန်မီပြန်လည်ဝင်ရောက်ရေး၊ စက်သုံးဆီ/ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးမှု အဆင်ပြေချောမွေ့စေရေးနှင့် CMP လုပ်ငန်းများ ပိုမိုတင်ပို့နိုင်ရေးကိစ္စရပ်များကို ဦးစားပေးဆောင်ရွက်နေသည့်အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ အချိန်တိုအတွင်း ပုံမှန်အခြေအနေ ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ကော်မတီအနေဖြင့် ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး  နယ်စပ် ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) နှင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်ကို နယ်စပ်ကုန်သွယ်မှုနည်းလမ်း ကွန်တိန်နာစနစ်ဖြင့် တင်ပို့/ တင်သွင်းခြင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှ စတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ

27.05.2025 | Views : 1
photo

စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ ၂၆ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အမှတ် (၂) စက်မှုသင်တန်းကျောင်း(မန္တလေး)၌ ကျင်းပသည်။ 

အခမ်းအနားသို့စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြပြီး မန္တလေးတိုင်း ဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့် ကျုံးမိန် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မောင်တို့မယ်တို့ ယခုတက်ရောက်မည့် အပတ်စဉ်သည် သင်တန်းကျောင်း အဆင့်မြှင့်တင်ပြီးနောက် ပထမဆုံးဖွင့်လှစ်သည့် အပတ်စဉ်ဖြစ်သည့်အတွက် စက်ပစ္စည်းကိရိယာများသည်လည်း ခေတ်မီသော စက်ပစ္စည်းအသစ်များဖြစ်ပြီး သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သင်တန်းတက်ရောက်ထားပြီး အတွေ့အကြုံ ရင့်ကျက်သည့် ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ သင်တန်း တက်ရောက်မည့် မောင်တို့မယ်တို့အနေဖြင့် နိုင်ငံတော်၏ စေတနာကိုနားလည်ပြီး သင်တန်းကို အောင်မြင်ပြီးဆုံးအောင် တက်ရောက်ကြရန်နှင့် သင်ကြားပေးမည့် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို စိတ်ဝင်တစားအစွမ်းကုန် ကြိုးစား လေ့လာကြရန်၊ ယနေ့ကမ္ဘာ့စက်မှုနည်းပညာများသည် အလွန်ဖွံ့ဖြိုးတိုးတက်လျက်ရှိသဖြင့် အမီ လိုက်နိုင်ရန် ကိုယ်သိရှိလိုသည့် ပညာရပ်ကိုအခြေခံပြီး တီထွင်ကြံဆနိုင်မှု၊ လေ့လာဆန်းသစ်မှု၊ စဉ်ဆက်မပြတ်သင်ယူ လေ့လာမှုများကိုပြုလုပ်ရန်၊ သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို စနစ်တကျလေးစားလိုက်နာကြရန်၊ သင်တန်းကာလအတွင်း သင်ကြားပို့ချပေးသော ပညာရပ်များကို တတ်မြောက်ကျွမ်းကျင်ရန်နှင့် စည်းကမ်းကောင်းမွန်ပြီး အရည်အချင်းပြည့်ဝသော စက်မှုကျွမ်းကျင်လုပ်သားကောင်းများဖြစ်အောင် ကြိုးစားအားထုတ် လေ့ကျင့်သွားကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ကို စက်မှုဝန်ကြီးဌာနနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ Institute of Project Planning & Research Engineering Inter-national (IPPR)တို့ နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်းအမှတ်စဉ် (၁)မှ (၁၂)အထိ သင်တန်းသား၊ သင်တန်းသူ ၁၇၃၆ ဦးကို စက်မှုကျွမ်းကျင်သူများအဖြစ် လေ့ကျင့် ပျိုးထောင်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် သင်တန်းအမှတ်စဉ်(၁၃)ကို ၂၀၂၅ ခုနှစ် မေ ၂၆ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်အထိ တစ်နှစ်ကြာဖွင့်လှစ်၍ ဘာသာရပ်ခြောက်ခုကို စာတွေ့၊ လက်တွေ့ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

27.05.2025 | Views : 1
photo

အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားငါးဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ များသို့ ထပ်မံလွှဲပြောင်းပေးအပ်

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ် လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ - ရွှေကုက္ကိုလ် မဲ့ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ကာဇက်စတန်နိုင်ငံသားနှစ်ဦး၊ တောင်အာဖရိကနိုင်ငံသား သုံးဦး စုစုပေါင်း ငါးဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံ များသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ 

ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက မေ ၂၆ ရက် နံနက်ပိုင်းတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Zhenis Mambetaliyev နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကသမ္မတနိုင်ငံသံရုံးမှ First Secretary Mr.Hendrik Albertus Fourie နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက် မှ မေ ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၀၂ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၆၂၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၇၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

27.05.2025 | Views : 0