
နိုင်ငံ့အကျိုးပြု စွမ်းရည်မြင့် လူငယ် IT ပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာရေး အလေးထားဆောင်ရွက်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ်ရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး နိုင်ငံတော်အကြီးအကဲ၏ မတ် ၁၄ ရက် ခရီးစဉ်လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပင်မဆောင်အဆောက်အအုံတွင် မွမ်းမံရေးလုပ်ငန်းများ၊ ဘက်စုံသုံး ခန်းမနှင့် Theater တို့တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လာမည့် ဇွန် ၂ ရက် ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ကွန်ပျူတာစက်ခန်းများ၊ စာကြည့်တိုက်၊ K-Lab တို့တွင် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ် လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာ၍ စနစ်တကျ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အလုပ်သင်အစီအစဉ် (Internship)ဖြင့် လာရောက်လေ့လာလျက်ရှိကြသော ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ တိုးတက်ပြောင်းလဲမှု မြန်ဆန်လျက်ရှိသော နောက်ဆုံးပေါ် Digital Transformation ဆိုင်ရာ IT နည်းပညာ အရွေ့နှုန်းတို့နှင့်အတူ အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်က အမှန်တကယ် အားထားရသော ကမ္ဘာ့ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှု မျက်နှာစာအထိ ထိုးဖောက်နိုင်သော စွမ်းရည်မြင့် လူငယ် IT ပညာရှင်များဖြစ်စေရေး ရည်မှန်းလျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားပြီး ကျောင်းသားများအတွက် စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် မေ ၁၉
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၉ ရက်အထိ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးအား ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၈၀၅ ဦး ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့်အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၁၆ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် ဆေးဝါး Paracetamol ဖာ ၂၀ (အလေးချိန် ၀ ဒသမ၂၈၅ တန်) နှင့် မေ ၁၉ ရက်တွင် အိန္ဒိယနိုင်ငံသံရုံးက ထောက်ပံ့သည့် လိမ်းဆေးနှင့် အိမ်သုံးဆေးဝါး ၁၉ ဖာ (အလေးချိန် ၀ ဒသမ၂၇၉ တန်) ရောက်ရှိခဲ့ပြီး အဆိုပါ အိန္ဒိယနိုင်ငံက ထောက်ပံ့သည့် ဆေးနှင့်ဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် မေလ ၁၈ ရက်နေ့ နံနက်ပိုင်း နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံကြံ့ခိုင်မှုအခြေအနေနှင့် ရေဝင်ရောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပေါင်းလောင်းရေလှောင်တမံ အပေါ်ယံအက်ကြောင်းများ ဖြစ်ပေါ်ခဲ့မှုအပေါ် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပထမအဆင့် ထိခိုက်ပျက်စီးခဲ့မှုအား ပြင်ဆင်ဆောင်ရွက်ရန်စတင်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှုအစီရင်ခံစာပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ရာဂီမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ရေပိုလွှဲပြင်ဆင်ဆောင်ရွက်ရာတွင် လက်ရှိပျက်စီးနေမှုနှင့် ပျက်စီးနိုင်ခြေရှိသောအခြေအနေများအပေါ် အခြေခံကာ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှရရှိလာသော ဒီဇိုင်းများအပေါ် ရေရှည်ခိုင်ခံ့မှုကောင်းမွန်စေရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ပေါင်းလောင်းတမံနှင့် ရေပိုလွှဲ၏ ကြံ့ခိုင်မှုကောင်းမွန်စေရန် ပုံမှန်ထိန်းသိမ်းခြင်းများကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံတွေ့လာရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အသေးစိတ်ကြည့်ရှုနိုင်ရန် Dam Monitoring စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပြီး လက်ရှိစစ်ဆေးတွေ့ရှိမှုအခြေအနေများအရ ရေလှောင်တမံကြံ့ခိုင်လုံခြုံမှု အခြေအနေမှာကောင်းမွန်ပြီး စိုးရိမ်ရန်မရှိကြောင်း၊ ပေါင်းလောင်းရေလှောင်တမံသည် ဘက်စုံရေလှောင်တမံတစ်ခုဖြစ်ပြီး လျှပ်စစ်ထုတ်လွှတ်ရေမှ ပိုလျှံရေများကို ရေလွှဲဆည်မှတစ်ဆင့် စိုက်ပျိုးရေအဖြစ် ပြန်လည်အသုံးပြုနေသော စီမံကိန်းတစ်ခုဖြစ်ပြီး (၂၀၂၄-၂၀၂၅) ခု နွေစပါးရေပေးရာသီတွင် နွေစပါးနှင့်နွေသီးနှံဧက ၉၁၇၀ ကို စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုဆည်ရေသောက် ဧရိယာအတွင်းရှိ ကျောက်အိုးလျှိုပိတ်တမံ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် တမံကိုယ်ထည်နှင့် ရေထုတ်ပြွန်ထိခိုက်ပျက်စီးခဲ့မှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများကို ဆွေးနွေးမှာကြားပြီး ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနနှင့် စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)၌ ဝန်ကြီးဌာနအောက်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် နေရာချထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား သွားရောက်တွေ့ဆုံ
နေပြည်တော် မေ ၁၈
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတို့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် အဝတ်အထည်များ ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

နေပြည်တော်နှင့် မန္တလေးမြို့များအတွင်း ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား သက်သာ သောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ
နေပြည်တော် မေ ၁၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေ ၁၈ ရက်တွင် ၄၈ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မေ ၁၈ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ Export Quality) ၄၅ အိတ်၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၁၇ အိတ်၊ ဆီ ပိဿာ ၁၃၂၀ ၊ ဆား ၇ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၄၅ ထုပ်၊ ငါးပိ ၁ ပိဿာ ၄၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ အထုပ် ၂၀ ၊ ငါးပုတ်သင် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၅ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၁ ထုပ်၊ ကြက်ဥအလုံး ၄၂၀၊ ဘဲဥ အလုံး ၅၀၊ ခေါက်ဆွဲခြောက် ကိုးထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်း များ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး(အရောင်းယာဉ်)ဖြင့် ၂၀၂၅ ခုနှစ် မေ ၅ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်

ပင်းပက်သံမဏိစက်ရုံစီမံကိန်း အပြီးသတ်ပေးမည်ဟု ရုရှား TPE ပြောကြား
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက်သည့်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်၊ အခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရုရှားအစိုးရပိုင် TPE Co., Ltd. မှ အဖွဲ့ခေါင်းဆောင်က ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
TPE ကျွမ်းကျင်ပညာရှင်အဖွဲ့အနေဖြင့် ပင်းပက်သံမဏိစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit တွင် တပ်ဆင်ထားရှိသည့် စက်ကိရိယာများကို စစ်ဆေးခြင်းနှင့် အပြီးသတ်စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ (၈) မိုင်ခန့်အကွာ ပင်းပက်ဒေသတွင်ရှိသည့် မြေ (၅,၂၆၀) ဧကပေါ်တွင် တည်ဆောက်ထားသည်။
ရုရှားဘက်ကလည်း စီမံကိန်းအတွက် ယူရို (၁၀.၅) သန်းတန်ဖိုးရှိသည့် နည်းပညာအကူအညီများ ပေးအပ်ထားပြီး စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ကြီးကြပ်ရန်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် သံမဏိစက်ရုံ (၁) ရုံ၊ စက်မှုဝန်ကြီးဌာနပိုင် (၂) ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် စက်ရုံ (၃) ရုံ ရှိပြီး ပုဂ္ဂလိကမှတ်ပုံတင် သံရည်ကျိုလုပ်ငန်း (၃၆၂) ခု ရှိတယ်လို့ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) အစည်းအဝေးကျင်းပ
ရန်ကုန် မေ ၁၇
မြန်မာနိုင်ငံအိုလံပစ်ကော်မတီအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို မေ ၁၅ ရက် မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထိန်လင်း၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီတွဲဖက်ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်းရေးမှူး (၂)၊ မြန်မာ နိုင်ငံအိုလံပစ်ကော်မတီဘဏ္ဍာရေးမှူးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ၁၉၄၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) က ၁၉၄၇ ခုနှစ် ဇူလိုင် ၉ ရက်တွင် အသိအမှတ်ပြုခဲ့သည့်အတွက် သက်တမ်းအားဖြင့် (၇၉) နှစ်ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် အစောဆုံးအသိအမှတ်ပြုခံရသည့် နိုင်ငံကော်မတီ၌ ပါဝင်ခဲ့ပါကြောင်း၊ မြန်မာ့အားကစားအောင်နိုင်ရေးနှင့် စနစ်တကျရှိစေရေး အစည်းအဝေးတက်ရောက်လာသည့် ကော်မတီဝင်များက ပါဝင်ဆွေးနွေးပေးစေလိုပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့ အားကစားအဖွဲ့ချုပ်များအလိုက် အားကစားအောင်မြင်မှုရရှိရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်လက်လုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး(၄)ဦးခွန်ဂျာအောင်က အာရှအိုလံပစ်ကောင်စီနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက်အတွင်းရေးမှူး(၂) ဦးထွန်းမြင့်ဦးက (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်ပြင်ဆင်မှု အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးထိန်လင်းက မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများက အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွဲဖက် အတွင်း ရေးမှူး (၂) နှင့် တာဝန်ရှိသူများက ထပ်မံဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေးအတွက် Excellent Fortune Foundationဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း (ကိုယ်စား) မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးက ပဏာမလက်ရွေးစင် အလေးမအားကစားသမားများအတွက် ငွေကျပ်သိန်း ၁၀၀ နှင့်ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ ဆေး Amino Acids နှင့် Creatine Monohydrate အားဆေးများကိုလည်းကောင်း၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးမျိုးသူရက မြန်မာ့အားကစားအောင်နိုင်ရေးအတွက် ငွေကျပ် သိန်း ၂၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရေကူးနှင့်လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက မြန်မာ့အားကစား အောင်နိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မေ ၁၆ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများနှင့်အတူ ဝန်ထမ်းများနေထိုင်ရန်အတွက် တည်ဆောက်လျက်ရှိသည့် ဘာရှာများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြာမီမိုးတွင်းကာလရောက်ရှိတော့မည်ဖြစ်၍ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ အဆင်ပြေချောမွေ့စွာဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး ကျယ်ကျယ်ဝန်းဝန်းနှင့် လုံခြုံမှုရှိစေရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း မိန်းဂိတ်ဝ ဘယ်/ ညာရှိ အဆောင် (၁၊ ၂၊ ၃ နှင့် ၄) တို့တွင် (၂) ခန်းတွဲဘာရှာများ ဖွဲ့စည်းတည်ဆောက်နေမှုအခြေအနေများနှင့် ဆက်လက်တည်ဆောက်လျက်ရှိသည့် ဘာရှာများအတွက် ပစ္စည်းများစုပုံထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်စေရန် တာဝန်ရှိသူများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး၊ အရည် အသွေးကောင်းမွန်စေရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခက်အခဲများရှိပါက လိုအပ်သည်များကို ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
သတင်းစဉ်