
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၊ ငလျင်သဘာဝဘေးဒဏ်ဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးမှာကြား၊ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေး

တရုတ်နိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် ကယ်ဆယ်ရေးများ၊ ဆရာဝန်များနှင့် သူနာပြုဆေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ သည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိကြသည်။
တရုတ်နိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများ စုစုပေါင်း ပစ္စည်းတန်ချိန် ၁၀၄ တန် တင်ဆောင်လာသော Y-20 အမျိုးအစားလေယာဉ် လေးစီးတို့သည် ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ရောက်ရှိကြသည်။ အဆိုပါ ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Ms. Cao Jing က လွှဲပြောင်းပေးအပ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်ထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိန်း တို့က လက်ခံခဲ့ကြသည်။
အလားတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲ၊ မိုးကာစ၊ အိပ်ယာခင်း၊ ခြင်ထောင်နှင့် စားသောက်ကုန်များ စုစုပေါင်း ၉၂၇၂၇ Kg တင်ဆောင်လာသည့် Air China လေကြောင်းမှ လေယာဉ်သည် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Minister Counsellor ဖြစ်သူ Mr. Jia Junjie နှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ့် တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် နေပြည်တော်သို ဆက်လက်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်၊စင်္ကာပူနှင့်ဗီယက်နမ် နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်နှင့်အမှတ်တရပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကျင်းပ
မြန်မာနိုင်ငံတွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်ဗီယက်နမ်နိုင်ငံတို့မှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ငလျင်ဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းလာရောက်၍ အတူလက်တွဲပူးပေါင်းလျက် လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုအတွက် ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါကြောင်း၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ နေ့ညမနားမနေ ကြိုးစားဆောင်ရွက်မှုများကြောင့် အသက်ရှင်လျက် ၈ ဦး ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၁၇၂ ဦး ရှာဖွေနိုင်ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်များကို ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများသည်အဓိကကျပါကြောင်း၊ ယခုကဲ့သို့ လာရောက်ပူးပေါင်းမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် မိတ်ဆွေတို့နိုင်ငံမှ စိတ်ပူစွာဖြင့် စာနာကူညီပေးကြသော ပြည်သူများကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ငလျင်ဒဏ်ကြောင့် ဆက်သွယ်မှုပြတ်တောက်သွားသော မိုဘိုင်းစခန်းများနှင့် ဆက်သွယ်ရေးစခန်းများ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ထား
နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသော မိုဘိုင်းဆက်သွယ်ရေးစခန်း ၂၆၀၀၀ ကျော်အနက် ၆၇၃၀ ကျော်သည် ဆက်သွယ်မှု ပြတ်တောက်ခဲ့ရာ အော်ပရေတာများမှ ဧပြီ ၆ ရက်အထိ စခန်းပေါင်း ၅၉၀၀ ကျော်ကို ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ငလျင်ဒဏ်ကြောင့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၏ Auto Exchange ၉၅ ခု ချို့ယွင်းပျက်စီးခဲ့ရာ ဧပြီ ၅ ရက်အထိ ၆၀ ပြုပြင်ပေးနိုင်ခဲ့ပြီး ကျန် Exchange ၃၅ ခုအား ပြုပြင် ဆောင်ရွက်လျက်ရှိသည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့တွင် တယ်လီဖုန်းတိုင်ကြိုးများ၊ ကေဘယ်လ်ကြိုးများ ရှင်းလင်းဖယ်ရှားခြင်း၊ မိုဘိုင်းစခန်းများနှင့် ကေဘယ်လ်ကြိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ e-Government Data Center ရှိ Government Cloud System အား ပြုပြင်ခဲ့ရာ ဧပြီ ၅ ရက်တွင် ဝန်ကြီးဌာန၊ အစိုးရအဖွဲ့ အစည်းများ၏ Cloud Service ၂၄၇ ခုမှာ ဝန်ဆောင်မှုများ ပြန်လည်ရရှိခဲ့သည်။ EDMS စနစ်၊ Government e-Mail စနစ်၊ GPMS စနစ်များကို ဧပြီ ၆ ရက်တွင် စနစ်များ ကောင်းမွန်စွာ လည်ပတ်အသုံးပြုနိုင်ပြီဖြစ်သည်။
ထို့နောက် ငလျင်ဒဏ်ကြောင့် မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက် ၁၅ ခု လုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ရာ မတ် ၃၀ ရက်တွင် ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။