အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်၊စင်္ကာပူနှင့်ဗီယက်နမ် နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ်နှင့်အမှတ်တရပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံတွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့်ဗီယက်နမ်နိုင်ငံတို့မှ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ငလျင်ဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်းလာရောက်၍ အတူလက်တွဲပူးပေါင်းလျက် လုပ်ငန်းများဆောင်ရွက်ပေးခဲ့မှုအတွက် ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါကြောင်း၊ နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ နေ့ညမနားမနေ ကြိုးစားဆောင်ရွက်မှုများကြောင့် အသက်ရှင်လျက် ၈ ဦး ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၁၇၂ ဦး ရှာဖွေနိုင်ခဲ့ပါကြောင်း၊ ဘေးအန္တရာယ်များကို ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများသည်အဓိကကျပါကြောင်း၊ ယခုကဲ့သို့ လာရောက်ပူးပေါင်းမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် မိတ်ဆွေတို့နိုင်ငံမှ စိတ်ပူစွာဖြင့် စာနာကူညီပေးကြသော ပြည်သူများကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။