
ရွှေသာလျောင်းတောင်ပေါ် ကျောက်သေတ္တာအမည်ရှိ ကျောက်တုံးကြီးပြုတ်ကျမည့်အခြေအနေဖြစ်ပေါ်လျက်ရှိသဖြင့် တောင်ခြေအနီးတစ်ဝိုက်မှ ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်း
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်သေတ္တာအမည်ရှိ ကျောက်တုံးကြီး ပြုတ်ကျမည့်အခြေအနေဖြစ်ပေါ်လျက်ရှိပြီး တောင်ခြေအနီးတစ်ဝိုက်တွင် နေထိုင်ကြသော ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်စေနိုင်သည့်အတွက် ဘေးလွတ်ရာတွင် ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ ရွှေ့ပြောင်းပေးခဲ့သည်။
ထိုသို့ရွှေ့ပြောင်းပေးခဲ့ရာ စုကြီးရပ်ကွက်တွင် အိမ်ခြေ ၅၆ အိမ်၊ အိမ်ထောင်စု ၆၇ စု စုစုပေါင်းလူဦးရေ ၁၃၉ ဦးရှိပြီး ဝေဘူချောင်ရှိ ဆွမ်းလောင်းမဏ္ဍပ်များနှင့်ဇရပ်များသို့ အိမ်ခြေကိုးအိမ်၊ အိမ်ထောင်စု ၁၀ စု စုစုပေါင်းလူဦးရေ ၃၃ ဦး ပြောင်းရွှေ့နေထိုင်ကြကာ ကျန်ရှိသူများက ၎င်းတို့၏ဆွေမျိုးများထံသို့ ရွှေ့ပြောင်းနေထိုင်ကြမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအန္တရာယ်ရှိကျောက်သေတ္တာကို ဖြိုချဖျက်ဆီးရန် ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့က ယမန်နေ့တွင် ကျောက်မိုင်းခွဲရန်အတွက် လွန်ဖောက်ခြင်းဆောက်ရွက်ခဲ့ကြပြီး ယင်းလွန်ဖောက်ခြင်းပြီးဆုံးမှသာ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တပ်မတော်ဆေးတပ်ဖွဲဝင် ၂၆ ဦးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုးမှုများဖြစ်ပေါ်ခဲ့ရာ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သီရိလင်္ကာနိုင်ငံမှ တပ်မတော်ဆေးတပ်ဖွဲဝင် ၂၆ ဦးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့်လေယာဉ်သည် ယမန်နေ့ ညနေ ၅ နာရီ မိနစ် ၅၀ ခန့်တွင် သီရိလင်္ကာနိုင်ငံပိုင် လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို ရောက်ရှိလာသည်။
သီရိလင်္ကာအစိုးရမှလှူဒါန်းသော ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ရွက်ဖျင်တဲ၊ ဆေးရုံသုံးပစ္စည်းများ၊ လက်သန့်ဆေးများ၊ ရေသန့်စင်စက်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် သီရိလင်္ကာနိုင်ငံတပ်မတော်မှ Brigadier general Karunatilake Hewakattuge Punyasiri ဦးဆောင်သော ဆေးတပ်ဖွဲဝင် ၂၆ ဦးတို ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းစိုး၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mrs. Prabashini Ponnamperuma နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ့် တင်ဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် ငလျင်ဒဏ်သင့်ဒေသများသို ဆက်လက်ဆောင်ခဲ့ကြောင်း သိရသည်။

ဆဌမ အကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးပွဲ စတင်ကျင်းပ
ဆဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်စတင်ကျင်းပနေပြီဖြစ်သည်။
BIMSTEC အဖွဲ့ဝင်နိုင်ငံအကြီးအကဲများဖြစ်သည့် ထိုင်းနိုင်ငံ၀န်ကြီးချုပ် H.E.Ms. Paetongtarn Shinawatra၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြံပေးပုဂ္ဂိုလ်ချုပ် Dr. Muhammad Yunus ၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Tshering Tobgay ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi ၊ နီပေါနိုင်ငံဝန်ကြီးချုပ် H.E.Mr. KP Sharma Oli ၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သန့်ရှင်းလတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် နေပြည်တော်ရှိ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် လုပ်သားပြည်သူများသို့ အာလူးတစ်ပိဿာ ငွေကျပ် ၄၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ငွေကျပ် ၁၀၀၀၊ ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၂၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ငွေကျပ် ၅၀၀၀၊ ငရုတ်သီးတစ်ပိဿာ ငွေကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ်အကြီး ငွေကျပ် ၁၀၀၀ နှင့် အသေး ၅၀၀၊ ပြောင်းဖူး တစ်ဖူး ငွေကျပ် ၅၀၀၊ ဖရဲသီးတစ်လုံး ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးအပါအဝင် ဝန်ကြီးဌာနရုံးများ၌ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ငလျင်အတွင်း လျှပ်စစ်လိုင်းများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ ပျက်စီးခဲ့မှုကို ဝန်ထမ်း (၁,၁၀၀ )ကျော်ဖြင့် ပြင်ဆင်နေ
ငလျင်အတွင်း လျှပ်စစ်လိုင်းများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ ပျက်စီးခဲ့မှုအတွက် ဝန်ထမ်း (၁,၁၀၅)ဦးဖြင့် ပြင်ဆင်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မတ် ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယင်းတို့အနက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံ ပျက်စီးခဲ့မှုများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၁၃၄) ဦးဖြင့် ပြင်ဆင်နေသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၄၂၆) ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား (၅၆၀ )ဦးတို့ဖြင့် ဓာတ်အား အမြန် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်း ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီ၊ ကရင် နှင့်မွန်ပြည်နယ်တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း (၅၄၅) ဦးတို့ဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအင်အားစုဖွဲ့၍ ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိရာ လတ်တလောဖြစ်ပေါ်နေသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများအပေါ် ပြည်သူများ နားလည်ပေးနိုင်ရန် ပန်ကြားချက်ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအား တွေ့ဆုံအားပေး
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည်၂၀၂၅ခုနှစ်၊ မတ်လ(၃၁)ရက်၊ နံနနက်ပိုင်းတွင် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊နေပြည်တော်တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး၊ လူနာများကိုစေတနာဖြင့် ဂရုစိုက်ပြုစုကုသပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ နေပြည်တော်ကုတင် (၁၀၀၀)ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို ငွေကျပ် (၃၀၀၀၀)စီ ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။

မူပိုင်ခွင့်ဆိုင်ရာမေတ္တာရပ်ခံအသိပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် အကျိုးအမြတ်ရယူခြင်းမရှိသော နိုင်ငံပိုင်ပြည်သူ့ဝန်ဆောင်မှုမီဒီယာ ဖြစ်သည်နှင့်အညီ (Free to Air - FTA) ဖြင့် အခမဲ့ထုတ်လွှင့်လျက်ရှိရာ (MRTV-HD Channel) မှ အများပြည်သူများ ပျော်ရွှင်မှုဖြစ်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် အပတ်စဉ် သောကြာနေ့ညများတွင် Friday Night Live Show ဖျော်ဖြေရေး အစီအစဉ်များကို ဆန်းသစ်တင်ဆက်လျက်ရှိပါသည်။
၂။ ယခုအခါ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် (၂၈-၃-၂၀၂၅) ရက် (သောကြာနေ့) ညတွင် သင်္ကြန် ဆိုင်ရာတေးသီချင်းများကို မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ ပြင်ပ/ဌာနအဆိုရှင်များဖြင့် စုပေါင်း၍ “တစ်နှစ်နွမ်း တစ်နှစ်ဆန်း” သင်္ကြန်အကြိုတေးဂီတဖျော်ဖြေပွဲ ခေါင်းစဉ်ဖြင့် ရိုက်ကူး ထုတ်လွှင့်သွားမည်ဖြစ်၍ အောက်ပါတေးသီချင်းများအား အခမဲ့ အသုံးပြုသွားမည်ဖြစ်ကြောင်း မူပိုင်ခွင့်ရှိသူများအား လေးစားစွာဖြင့် မေတ္တာရပ်ခံ အသိပေးအကြောင်းကြားပါသည်-