
နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးလျက်ရှိခြင်းနှင့် တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ
နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသောပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၂၇ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့်အဖွဲ့များအနက် ရခိုင်တိုင်းရင်းသားများပါတီ(Rakhine Nationalities Party)သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။
ပါတီတည်ထောင်ခွင့်ရရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) သည် ခွင့်ပြုချက်ရရှိသည့်နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်သည်။ ယနေ့အထိ နိုင်ငံရေးပါတီ ၁၇ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။
အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၇ ပါတီအနက် ဦးဘွာလ်ဆိုင်လို ခေါင်းဆောင်သည့် ချင်းပြည်သစ်ကွန်ဂရက်ပါတီ [New Chinland Congress(NCC)]က ပါတီ တည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာသည်။
ယင်းသို့ မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၆ ပါတီအနက် ပါတီ ၁၄ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် အီသီယိုးပီးယားနိုင်ငံသား ၄၃ ဦး သက်ဆိုင်ရာ နိုင်ငံသို့ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်
အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာရှိရာ ဇွန်လ(၉)ရက်နေ့တွင် အဆိုပါ လုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယား နိုင်ငံသား ၄၃ ဦးကို မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှု လုပ်ငန်းစဉ်များ စနစ်တကျ ရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်း ဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိရေးတို့ကို မှာကြားသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးမှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၁၁၄ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၇၅၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၆၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်းသိရှိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးကို လက်ခံတွေ့ဆုံ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ကယ်ဆယ်ရေးအတွက် မြန်မာအစိုးရ၏ကြိုးပမ်းမှုများအပေါ် နီပေါနိုင်ငံကပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား ဘုံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

မန္တလေးမြို့ရှိ မြန်မာ့လက်မှုပညာ ရွှေခြည်ထိုးလုပ်ငန်းတွင် ပြည်တွင်းပြည်ပမှ အော်ဒါမှာယူလျက်ရှိ
ရွှေခြည်ထိုးပညာရပ်သည် မြန်မာ့လက်မှုအနုပညာရပ်တွေထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မန္တလေးမြို့တွင် ဆက်လက်လုပ်ကိုင်နေကြသော ပညာရပ်များပျောက်ကွယ်သွားခြင်းမရှိစေရန် ထိန်းသိမ်းကာ စီးပွားဖြစ်လုပ်ကိုင်ကြသော လုပ်ငန်းတစ်ခုဖြစ်သည်။
ရွှေခြည်ထိုးပညာရပ်သည် အသုံးအဆောင် အဝတ်အထည်တို့ကို ရွှေခြည်ငွေခြည် ရွှေကြယ် ငွေကြယ်တို့ဖြင့် ပုံဖော်ပြီးထိုးသည့်လုပ်ငန်းကို ရွှေခြည်ထိုးလုပ်ငန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ ရှေးအစဉ်အဆက် ဘုရင်ခေတ်က ရွှေခြည်ငွေခြည်အစစ်များဖြင့် ထိုးကြပြီး ယခုအခါတွင် ရွှေခြည်ငွေခြည်အရောင်အစုံကိုရောပြီး အပ်နှင့်အပေါ်အောက် ထိုးကြခြင်းဖြစ်သည်။ ရွှေခြည်ထိုးလုပ်ငန်းကို အခြားအနယ်နယ် အရပ်ရပ်တွင်လည်း လုပ်ကိုင်လျက်ရှိပြီး မန္တလေးမြို့ တွင်သာ ဖွံ့ဖြိုးတိုးတက်စေရန် အဓိက လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
ပြည်ပအနေဖြင့် ထိုင်းနိုင်ငံသို့ အဓိကပို့ဆောင်ပြီး ပြည်တွင်းအနေဖြင့် ရန်ကုန်မြို့နှင့် ပုဂံမြို့တို့သို့ ပို့ဆောင်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့် နံရံချိတ်ရွှေချည်ထိုးတစ်ခုကို အနည်းဆုံး ငွေကျပ် တစ်သောင်းခွဲမှစပြီး အရွယ်အစားနှင့်အရည်အသွေးပေါ်မူတည်ကာ ဆယ်သိန်းကျော်အထိရှိကြောင်း သိရသည်။ ရွှေခြည်ထိုးလုပ်ငန်းသည် စိတ်ရှည်လက်ရှည် ပြုလုပ်ရသော ပညာရပ်ဖြစ်ပြီး မြင်ရသူအတွက်လည်း သိမ်မွေ့ထည်ဝါခန့်ညားမှုများကို ရရှိစေကာ အော်ဒါမှာယူမှုအများဆုံးအနေဖြင့် ရွှေတိဂုံဘုရားပုံတော်၊ ကိန္ဒရီကိန္ဒရာပုံ၊ ရှင်လောင်းလှည့်ပုံ စသည်တို့အပြင် ရွှေကြည်ထိုး ဖုန်းထည့်အိတ်၊ လွယ်အိတ်၊ လက်ကိုင်ပိုက်ဆံအိတ် စသည့် ဒီဇိုင်းအမျိုးမျိုးကိုလည်း မှာယူမှုရှိကြောင်း သိရသည်။

မေလအတွင်း ပြည်ပသို့ ဆန်တန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ခဲ့
၂၀၂၅ခုနှစ် မေလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂၅၉၅၀၁ ဒသမ ၃ တန် တင်ပို့ခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရှိရသည်။ ပြည်ပသို့ ဆန်တန်ချိန် ၁၄၇၈၈၂ ဒသမ ၃ တန်နှင့် ဆန်ကွဲတန်ချိန် ၁၁၁၆၁၉ တန်ကို ကုမ္ပဏီ ၆၀ က ပင်လယ်ရေကြောင်းဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။
ဆန်တင်ပို့ရာတွင် ဖိလစ်ပိုင် ၊ တရုတ် ၊ စပိန် ၊ နယ်သာလန် နိုင်ငံများသို့ ဆန်တန်ချိန် အများဆုံးတင်ပို့ခဲ့ပြီး စုစုပေါင်း နိုင်ငံ ၃၀ သို့ တင်ပို့ခဲ့သည်။ အလားတူ ဆန်ကွဲကိုလည်း ဘယ်လ်ဂျီယံ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ နယ်သာလန် ၊ UK နိုင်ငံများကို အများဆုံး တင်ပို့ခဲ့ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တင်ပို့ခဲ့သည်ဟုသိရသည်။
ယခုဘဏ္ဍာနှစ် နှစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၄ သိန်းကျော် တင်ပို့ထားပြီး ဖြစ်သည်ဟု MRF က ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံ ရရှိခဲ့သည်ဟု သိရသည်။

ရေနံထုတ်လုပ်ရန်အတွက် နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်ပြု
မြန်အောင်ဒေသရှိ ကုန်းတွင်းလုပ်ကွက် IOR-6 ဧရိယာ(၂) တွင် ရေနံတူးဖော်ထုတ်လုပ်ရန်အတွက် နိုင်ငံသားပိုင် Myanmar Kinsanar Co., Ltd. အား လုပ်ကိုင်ခွင့်ပြုထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးလုပ်ကိုင်နေသည့် ကုန်းတွင်းလုပ်ကွက်များထဲရှိ ကုန်းတွင်းလုပ်ကွက် (၁၀)ကွက်တွင် ခေတ်မီနည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ခွင့်ရရှိရေးအတွက် တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ IOR-6 တွင် လုပ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ကုန်းတွင်းလုပ်ကွက် IOR-6 မှ ရရှိလာမည့် ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် Myanmar Kinsanar တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
နိုင်ငံသားပိုင်ရေနံကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးနိုင်ခဲ့ခြင်းဖြင့် ရေနံတူးဖော်ရေးလုပ်ငန်းများတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှု အားကောင်းလာပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်နိုင်မည် ဖြစ်သည်။
ယခု နိုင်ငံသားပိုင်ကုမ္ပဏီလုပ်ကိုင်ခွင့်ရ မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင် ပါဝင်ပြီး ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအကြားတည်ရှိကာ အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခု ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် IOR-6 မှ ရေနံစိမ်းများ တိုးတက်ရရှိနိုင်ရေးအတွက် မျှော်မှန်းထားပြီး စက်သုံးဆီများ ချက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ (၆၇)မျိုးနှင့် ငှက်မျိုးစိတ် (၂၄၄)မျိုး ရှင်သန် ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်း တည်ရှိသော တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ (၆၇)မျိုးနှင့် ငှက်မျိုးစိတ် (၂၄၄)မျိုး ရှင်သန်ကျက်စားနေမှုကို မှတ်တမ်းတင်တွေ့ရှိရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။
တိုင်းဒေသကြီးသစ်တောဦးစီးဌာနသည် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များ တပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သဘာဝကြိုးဝိုင်းအတွင်း မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော အာရှဆင်၊ တောခွေးနှင့် မျိုးသုဉ်းလုနီးရင်ဆိုင်နေရသည့် သင်းခွေချပ်အပြင် အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနားကျား စသည့်မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ် (၃)မျိုးနှင့် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် (၁၀)မျိုးအပါအဝင် ငှက်မျိုးစိတ်များစွာ တည်ရှိနေသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းကို တိုင်းဒေသကြီးမြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုံသစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် ၂၀၀၅ ခုနှစ်၊ မတ် ၃၀ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
သစ်တာဦးစီးဌာနသည် သဘာဝကြိုးဝိုင်းအတွင်း အမာခံထိန်းသိမ်းရေးနယ်မြေ ၃၃၆,၉၁၂ ဧက၊ ကြားခံထိန်းသိမ်းရေးနယ်မြေ ၇၉,၉၅၂ ဧကနှင့် ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးနယ်မြေ ၃,၂၁၃ ဧကဟူ၍ ဇုန်နယ်မြေများသတ်မှတ်ကာ စီမံအုပ်ချုပ်လျက်ရှိကြောင်းသိရသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဒေသခံအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် အလားအလာရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်များစွာ တည်ရှိနေသည့်အတွက် တောတွင်းခရီးသွားလာခြင်း၊ လေ့လာရေးနှင့် သုတေသနပြုလုပ်ငန်းများကိုလည်း အကျိုးပြုလျက်ရှိကြောင်း သိရသည်။

မော်လီကျူလာနည်းပညာဖြင့် ပျားမျိုးစိတ်များ၏ မျိုးဗီဇကို သုတေသနပြုလေ့လာတွေ့ရှိ
မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်ချက်များကိုသုတေသီပညာရှင်များက ဖော်ထုတ်လျက်ရှိရာ ပျား၏မျိုးရိုးဗီဇကို မော်လီကျူလာနည်းပညာကိုအသုံးပြုပြီး ပျားမျိုးစိတ်များကိုသိရှိရန်နှင့် မြန်မာနိုင်ငံရှိ ပျား၏မျိုးဗီဇကို သိရှိနိုင်ပြီး မျိုးထိန်းခြင်းနှင့် မျိုးမြှင့်တင်ခြင်းများ ပြုလုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတွင် သုတေသနပြု ခွဲခြားလေ့လာတွေ့ရှိခဲ့ကြောင်းသိရသည်။
ပျားမွေးမြူရေးလုပ်ငန်းသည် ပျားရည်နှင့် ပျားထွက်ပစ္စည်းကဏ္ဍမှ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး လက်ရှိပျားမျိုးစိတ်များကို သုတေသနပြု ဆောင်ရွက်လျက်ရှိသည်။ မွေးမြူရေးသုတေသနဦးစီးဌာနတွင် နှစ်စဉ် သုတေသနအမျိုးပေါင်း ၃၀ မှ ၅၀ အထိ သုတေသန ပြုလုပ်လျက်ရှိသည်။ စိုက်ပျိုးရေးထွက်ကုန်ကဏ္ဍတွင် ပျားရည်သည် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ပြီး နှစ်စဉ်နိုင်ငံခြားပို့ကုန်အဖြစ် ဒေါ်လာသန်း ရာဂဏန်းရရှိသည်။
ပျားမွေးမြူခြင်းအားဖြင့် စိုက်ပျိုးတောင်သူများ သီးနှံထွက်နှုန်းပိုကောင်းပြီး အောင်မြင်သည့်အပြင် တစ်ဖက်တွင်လည်း ပျားရည်လည်းရရှိသည့်အတွက် စိုက်ပျိုးမွေးမြူရေးတွင် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ပျားသုတေသနများကို ပြုလုပ်ရခြင်းဖြစ်သည်။ သုတေသနပြုလုပ်ခြင်းမှ ရရှိလာသော ပျားမျိုးဗီဇကို မော်လီကျူလာနည်းပညာများဖြင့်ဖော်ထုတ်ပြီး ကမ္ဘာ့မျိုးဗီဇဘဏ်တွင် မြန်မာပျားများကို မှတ်ပုံတင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်အပါအဝင် ပျော်ဘွယ်၊ မိတ္ထီလာ စသည့်ဒေသများတွင် ပျံ့နှံ့နေသော ပျားများကို ပျားနမူနာကောင်များထံမှ DNA ရယူပြီး မျိုးရိုးဗီဇများကို တွက်ချက်၍ ဒေတာရယူကာ မြန်မာနိုင်ငံရှိ ပျားမျိုးများကို နိုင်ငံခြားမျိုးများဖြင့် မျိုးစပ်မြှင့်တင်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။ တောင်သူများကို နည်းပညာပေးရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာဖူလုံရေးအတွက် ယခုကဲ့သို့ သုတေသနများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။