မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသည့် အီသီယိုးပီးယားနိုင်ငံသား ၄၃ ဦး သက်ဆိုင်ရာ နိုင်ငံသို့ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်

 

အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာရှိရာ ဇွန်လ(၉)ရက်နေ့တွင် အဆိုပါ လုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယား နိုင်ငံသား ၄၃ ဦးကို မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးခဲ့သည်။ 

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှု လုပ်ငန်းစဉ်များ စနစ်တကျ ရှိစေရေးနှင့် အဆင်ပြေချောမွေ့ စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်း ဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးမှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၁၁၄ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၇၅၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၃၆၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကိုကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်းသိရှိရသည်။

 နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။