
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖျာပုံမြို့မရဲစခန်း အချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင် ကြည့်ရှုစစ်ဆေး
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ဇွန်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ရှိ ဖျာပုံမြို့မ ရဲစခန်း အချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံမြို့မရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့်တွေ့ဆုံခွင့် ရရှိမှုအခြေအနေတို့ကို အချုပ်သား / အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကျွေးမွေးမှု အခြေအနေ၊ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု၊ အကျဉ်းသား၏ ရောဂါ အခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေး နေမှုအခြေအနေ၊ အကျဉ်းသား အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေတို့ကို မေးမြန်းခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန် ဗဟုသုတရဖွယ် စာအုပ်စာပေများကို လှူဒါန်းခဲ့သည်။
ထို့နောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးခန်း၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့် စက်များ၊ သုံးရေအတွက် မြစ်ရေမှ ရေစုကန်၊ ၎င်းမှတစ်ဆင့် ရေစစ်ကန်သို့ ရေဖြန့်ဝေပေးသည့်နေရာ၊ သုံးရေ၊ ချိုးရေကန်များ၊ အတွင်းအပြင် မိလ္လာများနှင့် မိုးရေစုဆောင်းထားသည့် မြေသားရေကန်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံဖြိုးရေးခြံမှ ဥဇဘက်ကစ္စတန်နိုင်ငံ ဝါမျိုးနှင့် ဒေသမျိုး ရွှေတောင် (၁၀) အား မျိုးကူးစက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
မြန်မာနိုင်ငံတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသော ဝါသီးနှံမျိုးများသည် နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် သီးလုံးဖောက်ပိုးအန္တရာယ်ကို ကာကွယ်နိုင်ရန် ဝါမျိုးစေ့အဟောင်းနေရာကို မျိုးစေ့အသစ်များ အစားထိုးစိုက်ပျိုးနိုင်စေရန်နှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လွန်ကျော်ဝါသီးနှံ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတွင် ဥဇဘက်ကစ္စတန်နိုင်ငံမှ ဝါမျိုးနှင့် ဒေသမျိုးရွှေတောင် (၁၀) ကို မျိုးကူးစက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံအနေဖြင့် ဝါသီးနှံဒေသမျိုး (၅) မျိုးကို စတင်ဖြန့်ဖြူးခဲ့ရာ ရွှေတောင် (၈) နှင့် ရွှေတောင် (၁၀) ကို တောင်သူများပိုမိုကြိုက်နှစ်သက်ပြီး ယခုအခါတွင် ဒေသမျိုးများသည် နှစ်ပေါင်းကြာပြီဖြစ်သောကြောင့် ဝါမျိုးသစ်တစ်ခုအနေဖြင့် အစားထိုးစိုက်ပျိုးနိုင်ရန် ဥဇဘက်ကစ္စတန်နိုင်ငံမှ တင်သွင်းသောဝါမျိုးနှင့်ဒေသမျိုး ရွှေတောင် (၁၀) ကို မျိုးကူးစက်ခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယခင်နှစ်က လွန်ကျော်ခြံတွင် ဥဇဘက်ကစ္စတန်နိုင်ငံမှ တင်သွင်းလာသည့် ဝါမျိုး (၈) မျိုးနှင့် ဒေသဝါမျိုး ရွှေတောင် (၁၀) ကို မျိုးယှဉ်စမ်းသပ်ခဲ့ပြီး မိုးရာသီတွင် စိုက်ပျိုးခဲ့ရာ ဖြစ်ထွန်းမှု ကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကောင်းမွန်သည့်မျိုးများကို ရယူနိုင်ရန် ဒေသမျိုးများကို အမလိုင်းအဖြစ်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တင်သွင်းသည့်မျိုးကို အဖိုလိုင်းအဖြစ် မျိုးကူးစပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ မိုးကြိုကာလတွင် ဘီစီဝမ်းမျိုးစေ့ကိုရရှိခဲ့ပြီး မိုးနှောင်းတွင် ဘီစီတူးမျိုးစေ့ကို ရရှိခဲ့သည်။
တောင်သူများအနေဖြင့် သက်တမ်းတိုသည့် ဝါမျိုးကို အချိန်တိုအတွင်း ရရှိနိုင်သောကြောင့် အခြားသီးနှံများကိုလည်း အလျင်မီစိုက်ပျိုးနိုင်မည်ဖြစ်သည်။ အထွက်နှုန်းကောင်း၍ အရည်အသွေးပြည့်မီသော ဝါများကို ထုတ်လုပ်နိုင်ပါက ဈေးကောင်းရရှိမည်ဖြစ်သောကြောင့် လွန်ကျော်ခြံရှိ ဇီဝနည်းပညာဓာတ်ခွဲခန်းတွင် စမ်းသပ်မျိုးစပ်ခြင်းလုပ်ငန်းများကို စမ်းသပ်ကာလနှစ်ရာသီအပြီး အခုနှစ်တွင်လည်း ဆက်လက်မျိုးစပ်နေကြောင်းသိရသည်။

သံအမတ်ကြီး ဦးအောင်မင်းဦး အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်
အီသီယိုပီးယားဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်တွင် အီသီ ယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဒစ်အဘာဘာမြို့ရှိ သမ္မတအိမ်တော်၌ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ တိုင်ယီအက်စ်ကီစီလက်ဆီထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
၂၈-၃-၂၀၂၅ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး ကြောင့်နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ မေလ ၂၀ ရက်မှ ၂၇ ရက်နေ့အထိ အခြေအနေကို ၂၇-၅-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း သီရိလင်္ကာနိုင်ငံမှ ထပ်မံပေးပို့လှူဒါန်းလာသောစားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈- ၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့မော်တော်ယာဉ် ၆၄ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော် ယာဉ် ၃၂ စီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ မော်တော်ယာဉ် ၁၂ စီး စုစုပေါင်းတန်ချိန် ၂၄၂၇ ခန့် ဖြစ်ပါသည်။
နိုင်ငံတကာအလှူရှင်များက ၂၈-၅-၂၀၂၅ ရက်နေ့မှ ၃-၆-၂၀၂၅ ရက်နေ့အထိရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများအား ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့နိုင်ရေးဆောင်ရွက်ထားမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ် လျှင် ၁ ကြိမ် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်



အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်
မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် (၉) ဦး၊ ကစားသမား ၂၃ ဦး လိုက်ပါသွားမည်ဖြစ်ပြီး အုပ်ချုပ်သူဒေါ်နွယ်နီဦး၊ နည်းပြချုပ်ဒေါ်သက်သက်ဝင်း၊ လ/ထ နည်းပြ ဦးသက်ပိုင်ဦး၊ ဒေါ်ခင်မိုးဝေး၊ ဂိုးနည်းပြ ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား သူဇာအောင် (သစ္စာ အားမာန်)၊ ပန်းနုဝေ (ဧရာဝတီ)၊ လှလှထွေး (YREO)၊ နောက်တန်း ယုယုနိုင်၊ မင်းမင်းနု၊ ယမင်းဖြူ (ရန်ကုန်ယူနိုက်တက်)၊ သီရိနန္ဒာစိုး၊ အေးအေးစိုး (YREO)၊ ပင်မြင့်ယံ (Young Lionesses)၊ ခင်မိုးဝင်း၊ နိုင်နိုင်ဝင်း၊ သဲအိလှိုင် (ဧရာဝတီ)၊ အလယ်တန်းကေသွယ်ဖြိုးဦး၊ ယဉ်လွန်းအိမ်၊ စန္ဒာလင်း (အား/ကာသိပ္ပံ)၊ ဒေစီအောင်၊ နန်းချိုမွှေး (ရန်ကုန်ယူနိုက်တက်)၊ ဝင်းစန္ဒာ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်းအိသက်ဖြိုး (YREO)၊ မိုးပွင့်ဖြူ (အား/ကာသိပ္ပံ)၊ စုစုခင် (ဧရာဝတီ)၊ နှင်းစန္ဒာဝင်း (ရန်ကုန်တိုင်း)၊ ယုယနိုင် (ရှမ်းယူနိုက်တက်)တို့ ပါဝင်သည်။
အာဆီယံ ယူ-၁၉ အမျိုးသမီး ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် ဗီယက်နမ်၊ လာအို၊ တီမောအသင်း တို့နှင့်ပါဝင်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲဝင်ရန် ဇွန် ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါး စိုက်ဧကပေါင်း ၃၅ဝ,ဝဝဝ ကျော် စိုက်ပျိုးထား
မြန်မာ့သနပ်ခါးပင်များကို လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းက တွေ့ရှိကာ လိမ်းကြံ ခြယ်သသုံးစွဲလာကြပြီး စိုက်ပျိုးကြသူများလာကာ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ဧကပေါင်း၃၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရကာ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် အများဆုံး စိုက်ပျိုးကြသည်။ သနပ်ခါးသည် ရေငတ်ခံပြီး ပူပြင်းခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်သောကြောင့် အညာဒေသ၏ ရတနာပင်အဖြစ်ပင် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ အမြင့်ပေ ၂၀–၃၀ ထိ မြင့်တတ်ပြီး ပင်စည်နှင့်အကိုင်းအခတ်များတွင် လက်မဝက်၊ တစ်လက်မခန့် ရှည်လျားမာကျောသည့် ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာတတ်သည်။
အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲများ ထွက်တတ်သည်။ သနပ်ခါးအပွင့် ပုံသဏ္ဌာန်မှာသေးငယ်ပြီး အဝါနုရောင်ရှိသည်။ အသီးများ ရင့်မှည့်ချိန်တွင် မျိုးအဖြစ် စတင်ခူးယူရသည်။ ခူးယူပြီးသော သနပ်ခါးသီးကို ရေထဲတွင်စိမ်၍ ရေအောက်မြုပ်နေသော သနပ်ခါးအစေ့များကိုသာ ယူ၍ ပျိုးထောင်ရသည်။ ရေပေါ်တွင် ပေါလောပေါ်နေသော အစေ့များသည် မျိုးအောင်မြင်ခြင်း မရှိဘဲ ရေထဲတွင်မြုပ်နေသော အစေ့များသည်သာ မျိုးအောင်သည်။
သနပ်ခါးကိုစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံနှင့်ကျောက်စရစ်မြေတို့ ဖြစ်သည်။ ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သောမြေများမှလွဲ၍ မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သည်။ သဲမြေတွင် စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင်အသေအပျောက်များပြီး အပင်ဖြစ်ထွန်းမှုနည်းတတ်သည်။ မိုးရေချိန် ၁၀ လက်မမှ ၄၀ လက်မအကြားတွင်ရှိသော နေရာဒေသများတွင်လည်း စိုက်ပျိုးနိုင်ကြသည်။ ပျိုးထောင်ပြီး ၄၅ ရက်သားမှစ၍ မြေကြီးတွင် စတင်ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီး သီးညှပ်စိုက်ပျိုးမည်ဆိုပါက တန်းကြား၊ ပင်ကြား (၈ ပေ x ၄ ပေ)၊ (၈ ပေ x ၅ ပေ) စသည်ဖြင့် စိုက်ပျိုးနိုင်သည်။ သီးညှပ်အဖြစ် နှမ်း၊ ပဲစင်းငုံ၊ မြေပဲစသည့်အပင်များကြားတွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများဖြင့် ကြိုက်သလို စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့၏ ခြံဝင်းများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများလည်းရှိကြသည်။
စိုက်ပျိုးပြီး အနည်းဆုံး တစ်နှစ်တစ်ကြိမ်၊ ပေါင်းမြက်များ ရှင်းလင်းပေးကာ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများလည်း ရောနှော၍ ကျွေးပေးရသည်။ အများအားဖြင့် ၈ နှစ်မှ ၁၀ နှစ်သား အရွယ်များတွင် ဈေးကွက်အတွင်း ခုတ်၍ ရောင်းချပါက အရောင်းအများဆုံးအရွယ်ဖြစ်သော်လည်း အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း ၃၀/၃၅ နှစ်ခန့် စောင့်ရသည်။ အပင်သက်တမ်း ၁၀ နှစ်တွင် သနပ်ခါးကို ခုတ်ယူရောင်းချပါက အတက် နှစ်ပင်/သုံးပင် ပြန်ထွက်သော်လည်း အပင်သက်တမ်း နှစ် ၃၀/၄၀ အရွယ်တွင် ခုတ်၍ရောင်းချပါက သနပ်ခါးအရည်အသွေးကောင်းသော်လည်း အပင်အိုသွားသဖြင့် အတက်ပြန်ထွက်အား နည်းသွားကြသည်။ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ပြယုဂ်တစ်ခုဖြစ်ပြီး မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာကောင်းလှသော မြန်မာ့သနပ်ခါးကို အများဆုံးစိုက်ပျိုးကြသောမြို့များမှာ အရာတော်၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ရွှေဘို၊ ပခုက္ကူ၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကာ သနပ်ခါးစိုက် ဧက ၃၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်နေ
၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂) ရက်နေ့မှစ၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် တစ်ပတ်လျှင် (၂) ရက်၊ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့ တို့တွင် လေ့ကျင့်လျက်ရှိပြီး အသင်းအနေဖြင့် စက်တင်ဘာလတွင် ၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲကို လည်းကောင်း၊ ဒီဇင်ဘာလတွင် ဆီးဂိမ်းပြိုင်ပွဲကိုလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြ (၉)ဦးဖြင့် စုဖွဲ့ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း ၆,၀၃၁,၀၁၂ ဦး ပညာသင်ကြားလျက်ရှိ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ဇွန်လ ၃ ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆,၀၃၁,၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်းကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသား ၁ဝ ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦးတို့အား ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၁၂ ဦးကို ဇွန်လ(၃)ရက်နေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၁၁၄ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၆၉၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၁၅ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။