
ပြည်တွင်း/ ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၈) ရက် ၊ နံနက် (၉:၀၀) နာရီ အချိန်တွင် ရန်ကုန်မြို့၊ UMFCCI အစည်းအဝေးခန်းမ၊တတိယထပ်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများ ဆိုင်ရာလုပ်ငန်းအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မိတ်ဆက်ပွဲအခမ်းအနားတွင် အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် မြန်မာနိုင်ငံ ကုန်စည်ပြပွဲနှင့်ဆွေးနွေးပွဲများဆိုင်ရာလုပ်ငန်းအသင်းဥက္ကဌ ဦးမင်းသိန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် တရုတ်အာဆီယံ ကုန်စည်ပြပွဲအတွင်းရေးမှူးရုံး၊ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ လျှန်ရိကွမ်း က (၂၂)ကြိမ်မြောက် တရုတ်အာဆီယံကုန်စည်ပြပွဲကျင်းပမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမြဟန်မှ UMFCCI နှင့်ညီနောင်အသင်းအဖွဲ့များအနေဖြင့် (၂၂)ကြိမ်မြောက် တရုတ်အာဆီယံ ကုန်စည်ပြပွဲတွင် ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့နောက် TGT Tea Co.,Ltd မှ Managing Director ဦးမောင်လွင်မှ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။ အဆိုပါ ကုန်စည်ပြပွဲ မိတ်ဆက်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ တရုတ် အာဆီယံကုန်စည် ပြပွဲ အတွင်းရေးမှူးရုံး၊ UMFCCI နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသည့် ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း (၄၂) ဦး ခန့် တက်ရောက်ခဲ့သည်။
(၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကုန်စည်ပြပွဲ၏ ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင် City of Charm နှင့် ကုန်စည်ပြခန်းဆောင်တို့ကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သီတဂူစက္ခုဒါနဆေးရုံ ဇွန်လ ၁၂ ရက်တွင် စတင်ဖွင့်လှစ်ကုသမည်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံကြီးကို ယခုလဇွန် (၁၂) ရက်မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သီပေါ သီတဂူစက္ခုဒါနဆေးရုံကြီးတွင် လျှပ်စစ်မီးဖြင့် အသုံးပြုရသည့် ခွဲခန်းသုံးအဝတ်များ၊ ခွဲစိတ်ကိရိယာများပေါင်းရန်ပေါင်းအိုး (၅)လုံး၊ မျက်စိခွဲစိတ်စက် (၅)လုံး၊ မျက်စိရောဂါရှာဖွေသည့် စက်က (၄)လုံး ၊ မျက်စိရေချိန်တိုင်းစက် (၃)လုံး ၊ ခွဲစိတ်ပြီး မျက်စိအတွင်းထည့်ရန် မှန်ဘီလူး တိုင်းစက် (၂)လုံး၊ လေအေးပေးစက် (၁၈)လုံးရှိပြီး လက်ရှိတွင် သန့်ရှင်းရေးများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံကြီးအား သီတဂူဆရာတော်ဘုရားကြီးက (၂၀၀၈) ခုနှစ်အတွင်း ဦးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဆေးရုံကြီးအား ကျပ်သိန်း(၁,၃၃၃)ခန့် ကုန်ကျခံဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ကိုဗစ် – ၁၉ ရောဂါကာလစတင်သည့် အချိန်မှစတင်၍ စမ်းသပ်ခွဲစိတ်ကုသပေးမှုများအား ယာယီရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍ တစ်နှစ်လျှင် တစ်ကြိမ်ပြန်လည်အခမဲ့ဖွင့်လှစ် ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားစံပြကျေးရွာကို နေပြည်တော်တွင် တစ်နှစ်အတွင်းဖွင့်လှစ်မည်
အခြားဒေသများတွင်လည်း ပုံစံတူ လိုက်လံပြုလုပ်နိုင်မည့် ခရီးသွားစံပြကျေးရွာတစ်ရွာကို နေပြည်တော်တွင် စတင်ဖွင့်လှစ်လည်ပတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားခဲ့သည်။
အဆိုပါကျေးရွာမှာ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မကျည်းပင်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာဖြစ်ကာ ရေဘေးကြောင့် ထိခိုက်ခဲ့ရသည်များကို ပြန်လည်ပြင်ဆင်ပေးထားပြီး နေပြည်တော် ဟိုတယ်ဇုန်မှ (၁)နာရီခန့် ကားမောင်းသွားနိုင်မည့် အကွာအဝေးတွင်ရှိကြောင်း ၎င်းက ပြောသည်။ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က တပ်ကုန်းအနီးရှိ ရွာ (၁)ရွာကို နေ့တစ်ဝက်ခရီးစဥ် သို့မဟုတ် တစ်နေကုန်ခရီးစဉ်အဖြစ် အလည်အပတ်သွားနိုင်အောင် ဖော်ဆောင်နေခြင်းဖြစ်သည်။ ရေဘေးဖြစ်စဥ်တွင် အဆိုပါရွာရှိ အိမ်များ အကုန်ပါသွားသည့်အတွက် ပြန်လည်တည်ဆောက်ပေးသည့်အခါ အဖွဲ့ချုပ်မှ မတည်ပေးပြီး အိမ်များ ပြန်လည်တည်ဆောက်ကာ Village Plan ဆွဲပေးခဲ့ခြင်းဖြစ်သည်။
မေလအတွင်း တည်ဆောက်မှုများ ပြီးစီးပြီဖြစ်သည့်အတွက် ပိုင်ရှင်များအား ပြန်လွှဲပေးလိုက်ပြီး ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် ကျေးလက်အခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်နေခြင်းဖြစ်သည်။ လက်ရှိတွင် ခရီးသွားလုပ် ငန်းအကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေဆဲဖြစ်ကာ ကျေးလက်အစားအသောက်များ စားသောက်ကာ အပန်းဖြေခြင်းအပြင် ရွာနံဘေးတွင် သာယာလှပသော ချောင်းငယ်နှင့် ယာခင်းလည်းရှိရာ ဒေသခံများ၏ လုပ်ငန်းခွင်သို့ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ခြင်းမျိုး ဆောင်ရွက်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နေပြည်တော်တွင် နိုင်ငံတကာမှ ဧည့်သည်များ လာရောက်သည့်အခါ မြန်မာ့ကျေးလက်အငွေ့အသက်ကို ရနိုင်စေရန် တစ်ညအိပ်ခရီးစဥ်ဖြစ်စေ၊ နေ့ချင်းပြန်ခရီးစဥ်ဖြစ်စေ လေ့လာနိုင်ရန် စီစဉ်နေသည်ဟု ဦးနောင်းနောင်းဟန်က ပြောကြားခဲ့သည်။
ကျေးလက်ဒေသ အစားအသောက်ဖြင့် ဧည့်ခံခြင်း၊ အနားယူပြီး ရိုးရာအနှိပ်ဖြင့်နှိပ်နယ်ခြင်းများ စီစဥ်ပေးသွားမည်ဖြစ်သည်။ ယခုလုပ်ငန်းများ အဆင်ပြေလာပါက လာမည့်ခရီးသွားရာသီတွင် စတင်လည်ပတ်နိုင်မည်ဖြစ်ပြီး နည်းနည်းချင်း မော်ဒယ်ပုံစံဆောင်ရွက်ကာ တခြားရွာများလည်း ပုံစံတူ လိုက်ကူးနိုင်မည်ဖြစ်သည်ဟုသိရသည်။

စင်ကာပူ၌ကျင်းပမည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာ ပါဝင်ယှဉ်ပြိုင်မည်
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် စင်ကာပူနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ထူးချွန်သည့် မီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦးကို စိစစ်ရွေးချယ်ကာ စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့အလိုက်စွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်က စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Best Team Leader ဆုကို ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထုတ်လုပ်လျက်ရှိသည့် ဘိလပ်မြေများ စမ်းသပ်စစ်ဆေးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ လိုအပ်သော စက်အရန်ပစ္စည်းများနှင့် သွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်နှင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာစည်မြို့နယ် ပြည်ညောင်ရှိ အပါချီ ဘိလပ်မြေစက်ရုံ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး စက်ရုံအနေဖြင့် စက်ရုံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နေပြီး ပိုလျှံလျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားပေးစနစ်သို့ ပို့လွှတ်နေသည့် အတွက် နိုင်ငံတော်အတွက် များစွာအကျိုးရှိသဖြင့် အလေးထားဆောင်ရွက်ရန်မှာကြားပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းများ စစ်ဆေးပြုပြင်နေမှု၊ စက်ရုံအတွက် လိုအပ်သောလျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ၌ စက်ရုံတည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) နှင့် ရှမ်းပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်လည်းကောင်း၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနမှူး၊ အလုပ်ရုံတာဝန်ခံများနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် လူနေအိမ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်း၊ တံတား၊ သာသနိကအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် သံ၊ သံမဏိများ ထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် သံစိမ်းကုန်ကြမ်းများ အရေးကြီးလိုအပ် လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနှင့်သံမဏိများ အသုံးပြုနိုင်ရေးအတွက် သံစိမ်းထုတ်လုပ်ခြင်းလုပ်ငန်းများ အမြန်ဆုံးစတင် ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Air Separation plant တွင် တပ်ဆင် ထားသည့် စက်ပစ္စည်းကိရိယာများအား ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် စက်ရုံမှကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ စစ်ဆေးပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၈-၆-၂၀၂၅ ရက်နေ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး
သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီ ရွှေတစ်ကျပ်သား ( ၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်းမှာ ငွေကျပ် ၅,၈၂၀,၀၀၀ ဖြစ်သည်။
ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

မြန်မာဖိုက်တာ ဂျိုရှုအာဗန် ဘရာဇီးဖိုက်တာကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့
၂၀၂၅ ခုနှစ် ဇွန်လ (၈)ရက်နေ့ နံနက်ပိုင်းက အမေရိကန်နိုင်ငံ၌ ကျင်းပသည့် UFC-316 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်ပါဝင်ထိုးသတ်ခဲ့ပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ဂျိုရှုအာဗန်သည် ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် တွေ့ဆုံခဲ့ပြီး တတိယအချီ ၄ မိနစ် ၁ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် နောက်ဆုံး (၄)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး UFC နှင့် လက်တွဲပြီးနောက် (၇)ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ယခင်ပွဲများထက် နည်းစနစ်ပိုကောင်းလာသကဲ့သို့ လက်သီးထိုးချက်များ သိသိသာသာကောင်းမွန်လာသဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘရူနိုသည် ပထမအချီတွင် ခြေကန်ချက်များဖြင့် တုံ့ပြန်ခဲ့သော်လည်း ဂျိုရှုအာဗန်က အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး ဘယ်ညာတွဲလုံးလက်သီးများက ဘရူနို၏ မျက်နှာကို ဆက်တိုက်ကျရောက်ခဲ့သည်။ တတိယအချီတွင် အသက်အရွယ်ရလာသည့် ဘရူနို သက်လုံကျလာ၍ ဂျိုရှုအာဗန် ပိုသာလာပြီး လက်သီးချက်များ ဆက်တိုက်ပစ်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ၁၆ ပွဲမြောက် ထိုးသတ်ရာတွင် ၁၄ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပုဗ္ဗသီရိမြို့နယ်၌ MSME ဈေးရောင်းပွဲတော်ဖွင့်ပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိဈေး၌ ကျင်းပသည်။ ဦးစွာ ဈေးရောင်းပွဲတော်မုခ်ဦးအား နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး MSME ဈေးရောင်းပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်း အလှခတ်ဖျော်ဖြေနေမှုနှင့် MSME ဒေသထွက်ကုန် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဒေသထွက်ကုန်များ ရောင်းချပေးခြင်းအပြင် ချား၊ ရဟတ်၊ ပျော့ပျော့အိကလေး ကစားကွင်းများစသည့် ပျော်ရွှင်ဖွယ်အစီအစဉ်မျိုးစုံဖြင့် ဇွန် ၄ ရက်မှ ၁၃ ရက်အထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား ကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံတမန်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာ - တရုတ် နှစ်နိုင်ငံ၏ သံတမန် ဆက်ဆံရေးသမိုင်းတွင် အဓိပ္ပါယ်ပြည့်ဝပြီး ဂုဏ်ယူစရာကောင်းသည့် အခါသမယဖြစ်သကဲ့သို့ သမိုင်းတစ်လျှောက် ကာလကြာမြင့်စွာ တည်တံ့ခိုင်မြဲခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှု၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်အတွက် တူညီသည့် သန္နိဋ္ဌာန်ရှိနေကြသည်ကိုလည်း ဖော်ညွှန်းပြသသည့်အခမ်းအနားဖြစ်ကြောင်း။
မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါကလွန်ခဲ့သည့် နှစ်ပေါင်း (၁၄၀၀) ကျော် အေဒီ (၇) ရာစုနှစ် မြန်မာနိုင်ငံက ပျူမင်းဆက်များနဲ့ တရုတ်နိုင်ငံ တန်မင်းဆက်မှစ၍ ခေတ်အဆက်ဆက် ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေးဆက်ဆံမှု သမိုင်းအထောက်အထားများစွာ တွေ့ရမည်ဖြစ်ကြောင်း၊ သံတမန်ရေးဆက်ဆံမှုအနေဖြင့် အေဒီ (၁၁) ရာစု ပုဂံခေတ်မှာ မြန်မာသံတမန် ရှင်ဒိသာပါမောက် တရုတ်နိုင်ငံကို သံခင်းတမန်ခင်းသွားရောက်ခဲ့သည့် သမိုင်းမှတ်တမ်းသည် မျက်မှောက်ခေတ် နှစ်နိုင်ငံစွဲစွဲမြဲမြဲ ကျင့်သုံးနေသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ၏အခြေခံအုတ်မြစ်ဟုဆိုနိုင်ကြောင်း။
ခေတ်သစ်နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ချိန်၌ ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၎င်းနောက် ၁၉၅၀ ပြည့်နှစ် ဇွန်လ (၈) ရက်နေ့တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့ခြင်းကြောင့် ယနေ့ဆိုပါက စိန်ရတုကာလကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း။
မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်မှ စတင်ပြီး၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များသည် နှစ်နိုင်ငံဆက်ဆံရေးကို တစ်စထက်တစ်စ ပိုမိုတိုးတက်ခိုင်မာစေခဲ့ကြောင်း။
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သမိုင်းကြောင်းကို အခြေခံပြီး ၁၉၅၄ ခုနှစ်က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းသည် မျက်မှောက်ခေတ်နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင် စံနမူနာတစ်ခုဖြစ်စေခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ် ဘန်ဒေါင်းညီလာခံမှစတင်၍ မျက်မှောက်ခေတ်ကာလအထိ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ကို လက်ခံကျင့်သုံးနေကြသည်ကို ဝမ်းမြောက်ဂုဏ်ယူဖွယ် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုအခြေခံကျသည့် မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက်လည်း အပြည့်အဝထောက်ခံပေးခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေရန်အတွက် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်ကို ထပ်လောင်းအတည်ပြုပြောကြားလိုကြောင်း။
မျက်မှောက်ကာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ သဘောတရားများဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသဘောထား၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုသဘောထား၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးသဘောထား၊ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုသဘောထားများသည် အနာဂတ်ကမ္ဘာ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစသည်များကို ပိုမိုမြှင့်တင်နိုင်မည်ဟု ရှုမြင်ရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုထောက်ခံသည်ကို ပြောကြားလိုပါကြောင်း။
မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုများနှင့် ကဏ္ဍစုံတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ၂၀၁၁ ခုနှစ်တွင် “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း။
နှစ်နိုင်ငံဆက်ဆံရေး သမိုင်းတစ်လျှောက် သိသာထင်ရှားသည့် ဖြစ်ပေါ်တိုးတက်မှုများထဲမှ တစ်ခုမှာ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်အတွင်း မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန် သဘောတူညီခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါသဘောတူညီချက်မှ နှစ်နိုင်ငံနှင့် ပြည်သူတွေအကျိုးအတွက် ခိုင်မာသည့် တိုးတက်ဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းပေးလျက်ရှိနေပြီကို အားလုံးအသိပင်ဖြစ်ကြောင်း။
အခွင့်ကြုံခိုက် ယခုကဲ့သို့သမိုင်းဝင်အခါသမယတွင် မိမိတို့နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက်များ ပိုမိုတိုးတက်ဖြစ်ထွန်းလာစေရန်အတွက် တရုတ်နိုင်ငံနှင့်အတူ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုပြောကြားလိုကြောင်း၊ ထို့အပြင် နှစ်နိုင်ငံပြည်သူများအတွက် ရေရှည်တည်တံ့သည့် ဘုံအကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ်အနာဂတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့် သာယာဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ရေးတို့ကို ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။
မိမိအနေဖြင့်ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့စဉ်ကာလအတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် စစ်မှန်သည့် မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်ကို မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်နှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ခဲ့ကြောင်း။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့စဉ်ကလည်း မိမိအနေဖြင့် တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ် - မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင် ရှိနေကြောင်း၊ ထို့ကြောင့် အဆိုပါစီမံကိန်းများကို စောလျင်စွာ အကောင်အထည်ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုးတက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာ ရရှိစေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်တွင်ရှိသည့် မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း၊ တရုတ်နိုင်ငံ၏ မိမိတို့နိုင်ငံအပေါ်တွင် စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် ထိတွေ့ဆောင်ရွက်မှု၊ စိတ်ကောင်းစေတနာဖြင့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထား ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် ရပ်တည်ထောက်ခံပေးလျက်ရှိသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးထောက်ခံပြီး ပံ့ပိုးကူညီပေးလျက်ရှိသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ တရုတ်နိုင်ငံ၏ ခိုင်မာသည့်ရပ်တည်ချက်သည် မိမိတို့နှစ်နိုင်ငံအကြားတွင် ရှိသည့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုတို့ကို ထင်ဟပ်လျက်ရှိပါကြောင်း။
မိမိတို့ နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အသိုက်အဝန်းမှ အတူမျှဝေခံစားသည့်စိတ်ဓာတ်၊ ခိုင်မာမြဲမြံသည့်ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေသည်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြေငလျင် လှုပ်ခတ်မှုအပြီး ချက်ချင်း ၂၄ နာရီအတွင်း၌ တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ အရေးကြီးဆုံးအချိန် (Golden Hour)၌ ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့် တရုတ်နိုင်ငံအစိုးရနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို မြန်မာပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းကို ဂုဏ်ပြုပြောကြားလိုကြောင်း၊ ၂၀၂၀ - ၂၀၂၁ - ၂၀၂၂ ခုနှစ်ကာလများအတွင်း၌လည်း ကမ္ဘာတစ်ဝန်းလုံး၌ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ကိုဗစ် - ၁၉ ရောဂါကိုလည်း မြန်မာနိုင်ငံအနေဖြင့်ဆိုးရွားစွာခံစားခဲ့ရကြောင်း၊ အဆိုပါအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးဆေးများ၊ ပစ္စည်းများ၊ အထူးသဖြင့် အောက်ဆီဂျင်နှင့် ထုတ်လုပ်ရေးဆိုင်ရာများတွင် အမြောက်အများကူညီပေးခဲ့ခြင်းကြောင့် မြန်မာပြည်သူများ ကိုဗစ်ရောဂါကင်းစင်ရေးအတွက် များစွာအထောက်အကူပေးခဲ့သည်ကိုလည်း ကျေးဇူးတင်ရှိခဲ့သည်ကို ထည့်သွင်းပြောကြားလိုပါကြောင်း။
ထို့အပြင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုများတွင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ်ယွမ် (၁ ဒသမ ၁) ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့ကြောင်း၊ အခက်အခဲဆုံးအချိန်တွင်ရရှိခဲ့သည့် ပထမဦးဆုံး ပြည်ပအကူအညီဖြစ်သည့် တရုတ်နိုင်ငံ၏ အချိန်မီပံ့ပိုးကူညီမှုများသည် မိမိတို့အစိုးရနှင့် ပြည်သူများအတွက် များစွာထိရောက်မှုရှိပြီး ခွန်အားဖြစ်စေခဲ့ကြောင်း။
ထိုကဲ့သို့ အချိန်တိုကာလအတွင်း ဆွေမျိုးပေါက်ဖော်ပီသသည့် ရိုင်းပင်းကူညီပေးမှုများအတွက် မြန်မာနိုင်ငံသားများကိုယ်စား အိမ်နီးချင်းကောင်းမိတ်ဆွေကောင်းဖြစ်သည့် တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့မွန်မြတ်သည့် ပံ့ပိုးကူညီမှု၊ နှစ်နိုင်ငံပြည်သူများအကြား စစ်မှန်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးမှု၊ နွေးထွေးသည့် အကူအညီပေးမှုများသည် နှစ်နိုင်ငံချစ်ကြည်ရေးသမိုင်းတွင် မော်ကွန်းတင်ကျန်ရစ်နေမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှုနှင့် နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းစေရေးမူဝါဒများ ထည့်သွင်းဖော်ပြထားသည့် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွထူထောင်ရေးအတွက် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရေး တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုလိုကြောင်း။
ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး ထူထောင်မှုနှစ်မြောက် စိန်ရတု (၇၅) အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန်နှင့် မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှု အရှိန်အဟုန်ကို တိုးမြှင့်သွားမည်ဟူသည့် မြန်မာနိုင်ငံ၏ ခိုင်မာသည့်သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပြောကြားလိုကြောင်း။
အနာဂတ်နှစ်နိုင်ငံအကြား တိုးတက်ကောင်းမွန်သည့် ဆက်ဆံရေးကို ရှေးရှုပြီး မြန်မာ-တရုတ်ချစ်ကြည်ရေး ထာဝရအဓွန့်ရှည်တည်တံ့ပါစေကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ်ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပါကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားသည်။ထို့နောက် မြန်မာ - တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် ကပြသရုပ်ဖော်တင်ဆက်ပြသမှုများနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုသမိုင်းကြောင်းမှတ်တမ်းဗီဒီယိုဖိုင်အား ကြည့်ရှုကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။