ရေနံထုတ်လုပ်ရန်အတွက် နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်ပြု

 

မြန်အောင်ဒေသရှိ ကုန်းတွင်းလုပ်ကွက် IOR-6 ဧရိယာ(၂) တွင် ရေနံတူးဖော်ထုတ်လုပ်ရန်အတွက် နိုင်ငံသားပိုင် Myanmar Kinsanar Co., Ltd. အား လုပ်ကိုင်ခွင့်ပြုထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးလုပ်ကိုင်နေသည့် ကုန်းတွင်းလုပ်ကွက်များထဲရှိ ကုန်းတွင်းလုပ်ကွက် (၁၀)ကွက်တွင် ခေတ်မီနည်းပညာများ အသုံးပြုပြီး ဆောင်ရွက်ခွင့်ရရှိရေးအတွက် တင်ပြခဲ့ပြီးနောက် ယခုကဲ့သို့ IOR-6 တွင် လုပ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကုန်းတွင်းလုပ်ကွက် IOR-6 မှ ရရှိလာမည့် ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် Myanmar Kinsanar တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

နိုင်ငံသားပိုင်ရေနံကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးနိုင်ခဲ့ခြင်းဖြင့် ရေနံတူးဖော်ရေးလုပ်ငန်းများတွင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှု အားကောင်းလာပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများဖော်ဆောင်နိုင်မည် ဖြစ်သည်။

ယခု နိုင်ငံသားပိုင်ကုမ္ပဏီလုပ်ကိုင်ခွင့်ရ မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင် ပါဝင်ပြီး ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအကြားတည်ရှိကာ အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခု ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် IOR-6 မှ ရေနံစိမ်းများ တိုးတက်ရရှိနိုင်ရေးအတွက် မျှော်မှန်းထားပြီး စက်သုံးဆီများ ချက်လုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။