
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး(၂၉)ကြိမ်မြောက် အာဆီယံ-ကိုရီးယားဆွေးနွေးပွဲသို့ တက်ရောက်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အာဆီယံနှင့်ကိုရီးယား အဆင့်မြင့်အရာရှိကြီးများသည် ဘက်စုံမဟာ ဗျူဟာပူးပေါင်းဆောင်ရွက်မှု (CSP) ဆက်လက်ခိုင်မာစေရေး ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး၊ ၂၀၂၄ ခုနှစ်၌ (၃၅) နှစ်မြောက် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးနှင့် တွဲဖက်၍ CSP ကို တည်ထောင်ပြီးနောက် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ အပြုသဘောဆောင်သောတိုးတက်လာမှုကို အသိအမှတ်ပြုခဲ့သည်။
ထို့ပြင် ဆွေးနွေးပွဲတွင် 2021-2025 ASEAN-ROK Plan of Action (POA)၊ နိုင်ငံရေးနှင့် လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု၊ ခရီးသွားလာရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ လူငယ်ကဏ္ဍနှင့် ပြည်သူအချင်းချင်းဖလှယ်မှုတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၉၀ မြန်မာ - ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှု လုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးအပ်လျက်ရှိရာ မေလ ၁၄ ရက်နေ့တွင် အီသီယိုးပီးယားနိုင်ငံသား ၉၀ အား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေး၊ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန် ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။
အလားတူ မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော် သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၁၁ ဦးကို မေလ ၁၄ ရက်နေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၀၇၀ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် မှ ၈၂၂၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၈၄၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား စုံစမ်းဖော်ထုတ် စစ်ဆေး၍ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းက စားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အပြည် ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား ၁၄-၅-၂၀၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မန္တလေးငလျင်ကြီး ဖြစ်ပွားခဲ့သည့်ဒေသများတွင် ICRC မှ ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ICRC အနေဖြင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရားမဝင် ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ရှိ ဆက်သွယ်ရေးကြိုးများကိုရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တရားမဝင်သွယ်တန်းထားသည့် ဝိုင်ဖိုင်ကြိုးများနှင့် အန္တရာယ်ရှိသည့် ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းတစ်လျှောက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင် သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများ၊ ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဆက်သွယ်ရေးကြိုးများ၊ ဆက်လက်အသုံးပြုခြင်းမရှိတော့ဘဲရှုပ်ထွေးနေသည့် ဆက်သွယ်ရေး ကြိုးများအားဖယ်ရှားရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။
ထို့ပြင် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် မြို့တော်အင်္ဂါရပ်များနှင့် အညီ စနစ်တကျသွယ်တန်းထားခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် လူငယ် အသင်းများအား အဖွဲ့ချုပ်ဥက္ကဋ္ဌ အားပေးချီးမြှင့်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာရှ၊ အာဆီယံ ခြေစစ်ပွဲများနှင့်နိုင်ငံတကာ ပြိုင်ပွဲ အသီးသီးအတွက် ပြင်ဆင်လေ့ကျင့်နေသည့် အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး လူငယ်လက်ရွေးစင်အသင်းများအား တွေ့ဆုံအားပေး၍ ထပ်ဆောင်းပံ့ပိုးငွေများ ပေးအပ်ခဲ့သည်။
မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းသည် အာရှဖလား ခြေစစ်ပွဲ(အိမ်ရှင်၊ ဇွန်လ)၊ အာဆီယံ ချန်ပီယံရှစ်(စက်တင်ဘာ)၊ ဆီးဂိမ်းစ် (ဒီဇင်ဘာ)ပြိုင်ပွဲများ၊ မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် အာရှခြေစစ်ပွဲ(ဩဂုတ်)၊ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်(ဇွန်လ)၊ မြန်မာ အမျိုးသမီး ယူ-၁၆ အသင်းသည် အာရှ ယူ-၁၇ ခြေစစ်ပွဲ(အောက်တိုဘာ)၊ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်(ဩဂုတ်)၊ မြန်မာ အမျိုးသား ယူ-၁၉ အသင်းသည် ၂၀၂၆ ခုနှစ်အတွင်း အာရှခြေစစ်ပွဲ၊ အာဆီယံချန်ပီယံရှစ်၊ မြန်မာ အမျိုးသား ယူ-၁၆ အသင်းသည် အာရှ ယူ-၁၇ ခြေစစ်ပွဲ (နိုဝင်ဘာလ)တို့အား အသီးသီး ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ အသီးသီးတွင် ဆုတံဆိပ်ရရှိခြင်း၊ ခြေစစ်ပွဲအောင်မြင်ခြင်းများအတွက် အသင်းများအား ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ပြောကြားသည်။
MFF အနေဖြင့် ကာလတိုလေ့ကျင့်သည့် အမျိုးသားလက်ရွေးစင် အသင်းကြီးမှအပ ကာလရှည် နေထိုင်လေ့ကျင့်ရသည့် အမျိုးသမီးနှင့် လူငယ်အသင်းများအား လစာနှုန်းထားဖြင့် ထောက်ပံ့လျက်ရှိသည်။
ယနေ့ လေကျင့်နေသည့် အမျိုးသမီးနှင့် လူငယ်အသင်း စုစုပေါင်း (၅)သင်းမှ ကစားသမား၊ နည်းပြ/ အုပ်ချုပ် (၁၈၆) ဦးအတွက် လစာအပြင် ထပ်ဆောင်းပံ့ပိုးငွေ တစ်ဦးလျှင် ကျပ် (၁)သိန်းဖြင့် စုစုပေါင်း ကျပ် (၁၈၆) သိန်းအား အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

LNG ဓာတ်အားပေးစက်ရုံများ လည်ပတ်နိုင်ရေး ဆောင်ရွက်နေဟု လျှစ်စစ်စွမ်းအားဝန်ကြီးဌာနပြော
ရန်ကုန်မြို့ရှိ သီလဝါ(သန်လျင်)နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေး စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ပြောကြားထားသည်။
ကာလတိုအနေဖြင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်မှုဇုန်များကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အလတ်စား LNG to Power ဓာတ်အားပေးစက်ရုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရည် ပံ့ပိုးပေးမည့် CNTIC VPOWER ENERGY သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ကြောင်း Singhai Marine Services-Yangon က ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်မည် ဖြစ်သည်။
နိုင်ငံတော်၏ ဓာတ်အားစနစ်တွင် ထုတ်လုပ် ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အားအနေဖြင့် (၆,၈၇၈) မဂ္ဂါဝပ်ရှိပေမည့် လက်ရှိတွင် ဓာတ်အားလိုအပ်ချက်၏ (၅၀) ရာခိုင်နှုန်းဖြစ်သည့် တစ်ရက် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်တွင် (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့်ရှိသည့်အတွက် (၁,၁၀၀)မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အားလျှော့ချထိန်းညှိမှု ဆောင်ရွက် နေရခြင်း ဖြစ်သည်။
လက်ရှိတွင် ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို (၅၂) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို (၁၇)ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို (၃၁)ရာခိုင်နှုန်းဖြင့် အချိုးကျဓာတ်အား ခွဲဝေဖြန့်ဖြူးပေးနေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud de Baecque အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Arnaud de Baecque အား မေလ (၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအား ပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လိုအပ်နေမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဆွေးနွေးပြီး ICRC ဘက်မှ ငလျင်ဘေးသင့်ဒေသများအတွက် ရေရရှိရေး၊ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပေးနေမှုလုပ်ငန်းများနှင့် ICRC ၏ ပုံမှန်ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးဌာနနှင့် ICRC တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ဆွေးနွေးပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာအမှုထမ်းများနှင့် ICRC ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား သင်တန်းသူများ လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာ
နေပြည်တော် မေ ၁၄
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် လေ့လာရေးခရီး လာရောက်ကြသော ရေကြောင်းလူငယ်သင်တန်းသား သင်တန်းသူများအား ပြခန်း ခန်းမဆောင်၌ ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု (တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြနမူနာပုံစံ၊ ခန္ဓာကိုယ်၏ ဓာတ်ရောင်ခြည်ပမာဏကိုတိုင်းတာပြီး သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင် ပါရှိသော ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယားနည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထုများတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကို တိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသထားသည့် ပုံစံငယ်နှင့်လေအားအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind Turbine နမူနာပုံစံငယ်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရေကြောင်း လူငယ်သင်တန်းသား သင်တန်းသူများသည် ဗီဒီယိုပြခန်းမဆောင်၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဂုဏ်ပြုသရုပ်ဖော်ပြသထားသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ်ဓာတ်ပေါင်းဖိုများ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို တည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက်များ၊ ပိုစတာပြခန်းတွင် နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍအသီးသီးတို့တွင် လက်တွေ့ကျကျအသုံးပြုနေခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုကြသည်။
အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) သင်တန်းစခန်းများဖြစ်သည့် မြန်မာပြည်မြောက်ပိုင်း သင်တန်းစခန်း၊ မြန်မာပြည်တောင်ပိုင်းသင်တန်းစခန်း၊ ရန်ကုန်သင်တန်းစခန်း၊ မော်လမြိုင် သင်တန်းစခန်း၊ နမ့်စန်သင်တန်းစခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ ပြည် သင်တန်းစခန်း၊ မြိတ်သင်တန်းစခန်း၊ မကွေးသင်တန်းစခန်း၊ ပုသိမ်သင်တန်းစခန်း၊ မိတ္ထီလာ သင်တန်းစခန်း၊ နေပြည်တော်သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်းနှင့် ကိုကိုးကျွန်းသင်တန်း စခန်းစသည့် သင်တန်းစခန်း ၁၅ ခုမှ သင်တန်းသားများသည် နေပြည်တော်ကောင်စီနယ်မြေရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ပြုလုပ်သည့် စခန်းပေါင်းစုံ RC လေယာဉ်မောင်းနှင်ခြင်းနှင့် RC ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများ ကျင်းပနေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ သင်တန်းစခန်းအသီးသီးမှ အုပ်ချုပ်သူနည်းပြများ၊ ဆရာမများနှင့် သင်တန်းသားများက တက်ရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၃၆ ဦးကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပါကစ္စတန်နိုင်ငံသား ၃၅ ဦး၊ တောင်အာဖရိက နိုင်ငံသားတစ်ဦး၊ ဗီယက်နမ်နိုင်ငံသား ၂၁၁ ဦးနှင့် အီသီယိုးပီးယား နိုင်ငံသား ၈၉ ဦး၊ စုစုပေါင်း ၃၃၆ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့သည်။
ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များဆောင်ရွက်နေမှု၊ စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံးမှ Counsellor Mr. Muhammad Asif နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိက နိုင်ငံသံရုံးမှ First Secretary Mr.Hendrik Albertus Fourie နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Hoang Minh Hai နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖယ်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှတာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန် ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မေလ ၁၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၀၅၉ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၁၃၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၂၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် (၁၃-၅-၂၀၂၅)ရက်နေ့မှ (၁၄-၅-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် Neurological Institute of Thailand (NIT) International Conference and Collaboration သို့ တက်ရောက်ရန်အတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းသည် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခဒေါက်တာ မိုးမိုးဇော်နှင့်အတူ မေလ (၁၂)ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြောင်းသိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးနှီးနှောဖလှယ်ပွဲအား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် “Multidisciplinary Approach in Neurological Care: Innovations and Advanced Treatments” ခေါင်းစဉ်ဖြင့် ဆွေးနွေးကျင်းပသွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် ထိုင်းနိုင်ငံ၊ Neurological Institute of Thailand (NIT) တို့အကြား ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပါအဝင် ဦးနှောက်နှင့်အာရုံကြော ဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ်ကုသမှုနည်းလမ်းများအား နိုင်ငံတကာမှပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးဖလှယ်သွားကြမည်ဖြစ်ကြောင်းသိရသည်။