၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့်  ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေး

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေး

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မေလ ၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စဉ့်ကိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ချမ်းအေးသာစံမြို့ အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်း သင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာ ဆရာ ဆရာမများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံ အားပေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးဒဏ်သည် မည်သူမျှမျှော်လင့်မထားသည့် သဘာဝဘေးအန္တရာယ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ ယင်းအခြေအနေမှ ရုန်းထပြီး စာသင်ခန်းထဲသို့ ရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူများ  ၏ စိတ်ဓာတ်နှင့်ယုံကြည်ချက်၊ မိဘများ၏ ဖေးမအားပေးမှု၊ ဆရာ ဆရာမများ၏ အားကြိုးမာန်တက်သင်ပြသွန်သင်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၏ စနစ်တကျစီမံဆောင်ရွက်ပေးမှုတို့ကို အသိအမှတ်ပြုချီးကျူးပါ ကြောင်း၊ ယင်းကဲ့သို့ စိတ်ဓာတ်များဖြင့် ကြုံတွေ့လာရသည့်အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် Grade -12 စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုပြီးမြောက်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်နှင့် လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် အကျိုးပြုမည့် အနာဂတ်ခေါင်းဆောင် ငယ်များ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း အားပေးစကားပြောကြားကာ  စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ နေထိုင်သင်ကြားလေ့ကျင့်နိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့်စခန်းသွင်းဝင်ရောက်ရေး၊ ဆရာ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် စာမေးပွဲပြန်လည်ဖြေဆိုမည့်သူ ၉၄ ရာခိုင်နှုန်းအထိရှိသည်ကိုသိရပြီး ကျန်ရှိသည့် ၆ ရာခိုင်နှုန်းကိုလည်း စာမေးပွဲဖြေဆိုနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။

ယင်းနောက် မန္တလေးမစိုးရိမ်ကျောင်းတိုက်တွင် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းတိုက်အခြေအနေတို့ကို သွားရောက်ကြည့်ရှု၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တာဝန်ရှိသူများနှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေး ကာလအတွင်း တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

11.05.2025 | Views : 5