LNG ဓာတ်အားပေးစက်ရုံများ လည်ပတ်နိုင်ရေး ဆောင်ရွက်နေဟု လျှစ်စစ်စွမ်းအားဝန်ကြီးဌာနပြော

ရန်ကုန်မြို့ရှိ သီလဝါ(သန်လျင်)နှင့် သာကေတ သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေး စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ပြောကြားထားသည်။

ကာလတိုအနေဖြင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ စက်မှုဇုန်များကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေပြီး အလတ်စား LNG to Power ဓာတ်အားပေးစက်ရုံစီမံကိန်းများအတွက် LNG ဓာတ်ငွေ့ရည် ပံ့ပိုးပေးမည့် CNTIC VPOWER ENERGY သင်္ဘောကြီးကို သွားရောက်သယ်ဆောင်ကြောင်း Singhai Marine Services-Yangon က ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်မည် ဖြစ်သည်။ 

နိုင်ငံတော်၏ ဓာတ်အားစနစ်တွင် ထုတ်လုပ် ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အားအနေဖြင့် (၆,၈၇၈) မဂ္ဂါဝပ်ရှိပေမည့် လက်ရှိတွင် ဓာတ်အားလိုအပ်ချက်၏ (၅၀) ရာခိုင်နှုန်းဖြစ်သည့် တစ်ရက် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်ပြီး နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်တွင် (၃,၄၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့်ရှိသည့်အတွက် (၁,၁၀၀)မဂ္ဂါဝပ်ဝန်းကျင်ခန့်ကို ဝန်အားလျှော့ချထိန်းညှိမှု ဆောင်ရွက် နေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးကို (၅၂) ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးကို (၁၇)ရာခိုင်နှုန်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို (၃၁)ရာခိုင်နှုန်းဖြင့် အချိုးကျဓာတ်အား ခွဲဝေဖြန့်ဖြူးပေးနေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။