တရားမဝင် ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ရှိ ဆက်သွယ်ရေးကြိုးများကိုရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တရားမဝင်သွယ်တန်းထားသည့် ဝိုင်ဖိုင်ကြိုးများနှင့် အန္တရာယ်ရှိသည့် ဆက်သွယ်ရေးကြိုးများကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

‎မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းတစ်လျှောက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင် သွယ်တန်းထားသော ဖိုင်ဘာကေဘယ်ကြိုးများ၊ ဝိုင်ဖိုင်ကြိုးများနှင့် လျှပ်စစ်အန္တရာယ်ဖြစ်စေနိုင်သည့် ဆက်သွယ်ရေးကြိုးများ၊ ဆက်လက်အသုံးပြုခြင်းမရှိတော့ဘဲရှုပ်ထွေးနေသည့် ဆက်သွယ်ရေး ကြိုးများအားဖယ်ရှားရှင်းလင်းခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် မြို့တော်အင်္ဂါရပ်များနှင့် အညီ စနစ်တကျသွယ်တန်းထားခြင်းရှိ/မရှိ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ စစ်ဆေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။