မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါး စိုက်ဧကပေါင်း ၃၅ဝ,ဝဝဝ ကျော် စိုက်ပျိုးထား
- 2 views
မြန်မာ့သနပ်ခါးပင်များကို လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းက တွေ့ရှိကာ လိမ်းကြံ ခြယ်သသုံးစွဲလာကြပြီး စိုက်ပျိုးကြသူများလာကာ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ဧကပေါင်း၃၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရကာ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် အများဆုံး စိုက်ပျိုးကြသည်။ သနပ်ခါးသည် ရေငတ်ခံပြီး ပူပြင်းခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်သောကြောင့် အညာဒေသ၏ ရတနာပင်အဖြစ်ပင် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ အမြင့်ပေ ၂၀–၃၀ ထိ မြင့်တတ်ပြီး ပင်စည်နှင့်အကိုင်းအခတ်များတွင် လက်မဝက်၊ တစ်လက်မခန့် ရှည်လျားမာကျောသည့် ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာတတ်သည်။
အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲများ ထွက်တတ်သည်။ သနပ်ခါးအပွင့် ပုံသဏ္ဌာန်မှာသေးငယ်ပြီး အဝါနုရောင်ရှိသည်။ အသီးများ ရင့်မှည့်ချိန်တွင် မျိုးအဖြစ် စတင်ခူးယူရသည်။ ခူးယူပြီးသော သနပ်ခါးသီးကို ရေထဲတွင်စိမ်၍ ရေအောက်မြုပ်နေသော သနပ်ခါးအစေ့များကိုသာ ယူ၍ ပျိုးထောင်ရသည်။ ရေပေါ်တွင် ပေါလောပေါ်နေသော အစေ့များသည် မျိုးအောင်မြင်ခြင်း မရှိဘဲ ရေထဲတွင်မြုပ်နေသော အစေ့များသည်သာ မျိုးအောင်သည်။
သနပ်ခါးကိုစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံနှင့်ကျောက်စရစ်မြေတို့ ဖြစ်သည်။ ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သောမြေများမှလွဲ၍ မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သည်။ သဲမြေတွင် စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင်အသေအပျောက်များပြီး အပင်ဖြစ်ထွန်းမှုနည်းတတ်သည်။ မိုးရေချိန် ၁၀ လက်မမှ ၄၀ လက်မအကြားတွင်ရှိသော နေရာဒေသများတွင်လည်း စိုက်ပျိုးနိုင်ကြသည်။ ပျိုးထောင်ပြီး ၄၅ ရက်သားမှစ၍ မြေကြီးတွင် စတင်ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီး သီးညှပ်စိုက်ပျိုးမည်ဆိုပါက တန်းကြား၊ ပင်ကြား (၈ ပေ x ၄ ပေ)၊ (၈ ပေ x ၅ ပေ) စသည်ဖြင့် စိုက်ပျိုးနိုင်သည်။ သီးညှပ်အဖြစ် နှမ်း၊ ပဲစင်းငုံ၊ မြေပဲစသည့်အပင်များကြားတွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများဖြင့် ကြိုက်သလို စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့၏ ခြံဝင်းများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများလည်းရှိကြသည်။
စိုက်ပျိုးပြီး အနည်းဆုံး တစ်နှစ်တစ်ကြိမ်၊ ပေါင်းမြက်များ ရှင်းလင်းပေးကာ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများလည်း ရောနှော၍ ကျွေးပေးရသည်။ အများအားဖြင့် ၈ နှစ်မှ ၁၀ နှစ်သား အရွယ်များတွင် ဈေးကွက်အတွင်း ခုတ်၍ ရောင်းချပါက အရောင်းအများဆုံးအရွယ်ဖြစ်သော်လည်း အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း ၃၀/၃၅ နှစ်ခန့် စောင့်ရသည်။ အပင်သက်တမ်း ၁၀ နှစ်တွင် သနပ်ခါးကို ခုတ်ယူရောင်းချပါက အတက် နှစ်ပင်/သုံးပင် ပြန်ထွက်သော်လည်း အပင်သက်တမ်း နှစ် ၃၀/၄၀ အရွယ်တွင် ခုတ်၍ရောင်းချပါက သနပ်ခါးအရည်အသွေးကောင်းသော်လည်း အပင်အိုသွားသဖြင့် အတက်ပြန်ထွက်အား နည်းသွားကြသည်။ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ပြယုဂ်တစ်ခုဖြစ်ပြီး မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာကောင်းလှသော မြန်မာ့သနပ်ခါးကို အများဆုံးစိုက်ပျိုးကြသောမြို့များမှာ အရာတော်၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ရွှေဘို၊ ပခုက္ကူ၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကာ သနပ်ခါးစိုက် ဧက ၃၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။