စင်ကာပူ၌ကျင်းပမည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် မြန်မာ ပါဝင်ယှဉ်ပြိုင်မည်

 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် စင်ကာပူနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျင်းပမည့် နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ထူးချွန်သည့် မီးသတ်တပ်ဖွဲ့ဝင်(၁၀) ဦးကို စိစစ်ရွေးချယ်ကာ စခန်းသွင်း လေ့ကျင့်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲနှင့် အဖွဲ့အလိုက်စွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်က စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာ မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ် ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Best Team Leader ဆုကို ရရှိခဲ့ကြောင်း  သိရသည်။