နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

ယခုအခါ ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ထပ်မံပေးပို့လှူဒါန်းလာသော မိုးကာတဲ၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်ပစ္စည်းများကို နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့သို့ ဘေးသင့်လူဦးရေ အချိုးအစား အပေါ်မူတည်၍ ဖြန့်ခွဲပေးပို့လျက်ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းမည့် ဒီဇယ်ဆီတန် ၃၀,၀၀၀၊ ဓာတ်ဆီတန် ၂၀,၀၀၀၊ ယာယီနေအိမ်အဖြစ် အသုံးပြုရန် Prefabricated House အလုံး ၄၅၀၀ နှင့် ယာယီရုံးအဖြစ်အသုံးပြုရန် Prefabricated Office အလုံး ၅၀၀ တို့အနက် ၂-၅-၂၀၂၅ ရက်နေ့တွင် ဒီဇယ်ဆီ တန် ၁၈,၀၀၀ နှင့် Prefabricated Office အလုံး ၃၄၀ သည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ရာ ဒီဇယ်ဆီ တန် ၁၈,၀၀၀ ကို ရန်ကုန်မြို့ သီလဝါ Terminal တွင် ခေတ္တထိန်းသိမ်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။

Prefabricated Office အလုံး ၃၄၀ ကို ၄-၅-၂၀၂၅ ရက်နေ့တွင် နေပြည်တော်သို့ မြန်မာ့မီးရထားဖြင့် သယ်ဆောင်လျက်ရှိရာရောက်ရှိပါက ဝန်ကြီးဌာနအသီးသီးသို့ဖြန့်ခွဲ၍ ယာယီရုံခန်းများအဖြစ် အသုံးပြုကာဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ရက်သတ္တပတ် ၁ ပတ်အတွင်း လက်ခံရရှိသော လှူဒါန်းပစ္စည်းများ ခွဲဝေထောက်ပံ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဘေးသင့်ပြည်သူများနှင့် ဝန်ထမ်းမိသားစုများကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၆ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၂၈ စီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ မော်တော်ယာဉ် ၈ စီးဖြစ်ပါသည်။

နိုင်ငံတကာအလှူရှင်များမှ ၂၈-၄-၂၀၂၅ ရက်နေ့ မှ ၄-၅-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့်ပစ္စည်းများ၊ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ်လျှင် ၁ ကြိမ် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

09.05.2025 | Views : 0
လယ်ယာကဏ္ဍ၌ ထိခိုက်ခဲ့မှုများအား ပြန်လည်ပြုပြင်မွမ်းမံခြင်းကို စိုက်ပျိုးရာသီအချိန်မီ စီမံဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ကြီးကြောင့် လယ်ယာကဏ္ဍ၌ ထိခိုက်ခဲ့မှုများအား ပြန်လည်ပြုပြင်မွမ်းမံခြင်းကို စိုက်ပျိုးရာသီအချိန်မီ စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ညနေပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မိတ္ထီလာ (တောင်ကန်) ကန်ပေါင်အား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှုနှင့် လမ်းဦးစီးဌာနက လမ်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြန်လည်ပြုပြင်  တည်ဆောက်မှုလုပ်ငန်းနှင့်အတူ တာပေါင်ဆင်ခြေလျှောတစ်လျှောက်၌ မြက်ကပ်ခြင်းအပါအဝင် တာပေါင်ရေရှည်ကြံ့ခိုင်ရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်ရန်မှာကြားပြီး ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မိတ္ထီလာ(တောင်ကန်) ကန်ပေါင်ပြုပြင်ခြင်းလုပ်ငန်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ရာ တာပိုးပြုပြင်သည့် မြေကြီးလုပ်ငန်းများပြီးစီးပြီဖြစ်ကာ ကန်ပတ်လမ်းတည်ဆောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ် ဥယျာဉ်တောကျေးရွာ တောင်သူ့စိုက်ကွင်း၌ နှမ်းသီးနှံမျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆင်းရတနာ-၃၊ နှမ်းနက် (TBL-BS7)၊ နှမ်းဖြူ(TBL S-1)၊ မကွေး-၁/၁၃၊ ဆင်းရတနာ-၁၄ နှမ်းမျိုးများ ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် ဒေသရေမြေနှင့်ကိုက်ညီပြီး တောင်သူကြိုက်နှမ်းမျိုးများ ရွေးချယ်ဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးတာဝန်ခံများအနေဖြင့် တောင်သူများအား ကွင်းဆင်းကြပ်မတ်တိုက်တွန်းသွားရန်၊ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး ပြည်တွင်းစားသုံးဆီဖူလုံရေး အထောက်အကူပြုစေမည့် သီးနှံအထွက်နှင့် ဆီအထွက်နှုန်းကောင်းမွန်သည့် နှမ်းသီးနှံမျိုးကောင်း မျိုးသန့်များကို တောင်သူစီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

09.05.2025 | Views : 0
မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း

ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ညောင်ပင်ကြီး-‌ဗုဒ္ဓကုန်းမဟာ ဓာတ်အားလိုင်း တိုင်နှစ်တိုင် ကျိုးကျမှုကြောင့်  မေလ ၃ ရက်နေ့ ညနေပိုင်းမှစတင်၍ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်နေပြည်သူများ သောက်သုံးရေအခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း၊ ထိုသို့ သောက်သုံးရေခက်ခဲမှုများကြောင့် ပြည်သူများသောက်သုံးရေ ဖူလုံစွာရယူသုံးစွဲနိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်အမှတ် ၆ နှင့် ၁၅ ရပ်ကွက်များအတွင်း လှည့်လည်လှူဒါန်းရာ မေလ ၇ ရက်မှစတင်ပြီး မေလ ၈ ရက်နေ့အထိ သောက်သုံးရေ ရေဂါလံ ၁၂,၈၀၀ ခန့် လှူဒါန်းခဲ့ကြောင်း၊ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများထံ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ထံမှ သိရသည်။

09.05.2025 | Views : 0
စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများနှင့်ကလေးငယ်များအားစိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများနှင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းမြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် လူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နေအိမ်များပျက်စီးပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ရာ အဆိုပါထိခိုက်ခံစားရသည့်ပြည်သူများအား လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်း ဆောင်ရွက်မည့်အဖွဲ့နှစ်ဖွဲ့ဖြင့် စိတ်လူမှုဆိုင်ရာပံ့ပိုးမှု လိုအပ်နေသူများအား တွေ့ဆုံအားပေးပြီး အမျိုးသမီးရှိသော အိမ်ထောင်စုများအတွက် Dignity Kit များနှင့် ကလေးငယ်များရှိသော အိမ်ထောင်စုများအတွက် Child Kit များကို ပေးအပ်ခဲ့ကြသည်။

အလားတူ ငလျင်ဘေးသင့် ကလေးငယ်များကိုလည်း ပျော်ရွှင်စေသည့် အစီအစဉ်များနှင့် Games ကစားနည်းများဖြင့် စုပေါင်းပျော်ရွှင်စွာကစားစေပြီး အဆိုပါစိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းဆောင်ရွက်မည့် အဖွဲ့များသည် စစ်ကိုင်းမြို့ နှစ်(၇၀၀) ပြည့် အားကစားခန်းမရှိ ငလျင်ဘေးသင့် အိမ်ထောင်စု ၂၁၁ စုနှင့် ငလျင်ဘေး ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများနှင့် ကလေးငယ်များအား စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

09.05.2025 | Views : 0
မြေငလျင်ဒဏ်ကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်

မြေငလျင်ဒဏ်ကြောင့် နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် မေ ၇

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင်နေအိမ်များ ပြိုကျပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများ တက်ရောက်ကြသည်။

ထောက်ပံ့ငွေများ ပေးအပ်

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် မြေငလျင်ဒဏ်ကြောင့် မိသားစုဝင် နေအိမ်များ ပြိုကျ/ပျက်စီးခဲ့သည့် အရာရှိ၊ စစ်သည်၊ အရပ်သားဝန်ထမ်းများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်

 

08.05.2025 | Views : 1
ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်

ကြို့ပင်ကောက်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီ ပေးအပ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်  ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းစီ ပေးအပ်ခြင်းကို မေလ ၇ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းစီ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုက်ပွဲရှောင်ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက်ထောက်ပံ့ငွေများ ပေးအပ်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်ဇေယျနှင့် အဖွဲ့ဝင်များက ကြို့ပင်ကောက်မြို့နယ်အတွင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၁၇) စုမှ ဝန်ထမ်း (၉)ဦး၊ ပြည်သူ(၃၁)ဦး စုစုပေါင်း(၄၀)ဦးအား တစ်ဦးလျှင် (၂၀,၀၀၀)ကျပ်နှုန်းစီဖြင့် စုစုပေါင်း ငွေ(၁,၆၀၀,၀၀၀)ကျပ်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် ယာယီနေရပ်စွန့်ခွာ ပြည်သူများ လက်ဝယ်ထံအရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

08.05.2025 | Views : 1
ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို ဇွဲလုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလို

ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို ဇွဲလုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလို

နေပြည်တော် မေ ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ယန္တရားအခြေခံပညာအထက်တန်းကျောင်း၊ အမရပူရမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် အမှတ် (၃၃) အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အောင်မြေသာစံမြို့နယ် အမှတ် (၂၅) အခြေခံပညာအထက်တန်းကျောင်း၊ ပုသိမ်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဇွန်လ ကျောင်းဖွင့်ချိန်အမီ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိမိတို့၏ အခြေခံပညာကျောင်းများကို ထိခိုက်ပျက်စီးမှုအလိုက် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ယာယီစာသင်ဆောင်တည်ဆောက်ပေးခြင်းတို့ဖြင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကျောင်းနှင့် ကျောင်းသား အရေအတွက်ပေါ်မူတည်၍ နှစ်ချိန်တက်ကျောင်းအဖြစ်ဆောင်ရွက်ခြင်း၊ ရေ၊ မီး၊ သန့်စင်ခန်း ပြည့်စုံရေးဆောင်ရွက်ပေးခြင်းတို့ကို စနစ်တကျပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်းမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာ ဆရာ ဆရာမများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုမှ အစိုးအဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း တက္ကသိုလ်နှင့်အခြေခံပညာအထက်တန်းကျောင်းများတွင် စခန်းသွင်းလေ့ကျင့်ရေး Camp များတွင် စားသောက်ရေး၊ နေထိုင်ရေးစသည်ဖြင့် အခက်အခဲမရှိ အဆင်ပြေအောင် ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာ ဆရာမများ၏ သင်ကြားပို့ချမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ကြိုးစားသင်ယူကြစေလိုပါကြောင်း အားပေးစကားပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

08.05.2025 | Views : 1
အဆောက်အအုံအကဲဖြတ်သင်တန်း

ငလျင်အပြီး အဆောက်အအုံ အကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်း နည်းပညာသင်တန်းပို့ချ

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် Engineering Ministries International(EMI) အဖွဲ့အစည်းတို့ကြီးမှူး၍ ငလျင်အပြီး အဆောက်အအုံအကဲဖြတ်ခြင်းနှင့် ပြုပြင်ခြင်းနည်းပညာ တစ်ရက်တာသင်တန်းကို မေ ၅ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

 ထို့နောက် သင်တန်း ဆရာများဖြစ်ကြသော Mrs. Sarah Dunn ၊ Mr. Samuel Carrara ၊  Mr. Craig Cole ၊ Jaclyn Miller တို့က Damage Assessment, Repair & Retrofit အကြောင်း သိကောင်းစရာများကို မျှဝေပို့ချသည်။

ဆက်လက်၍ Disaster Risk Reduction for water & Sanitation အကြောင်းအရာနှင့် Build Bach Safer Training Of Trainer အကြောင်းအရာများကို ပို့ချသည်။ ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကိုမေးမြန်းရာ သင်တန်းဆရာများက ပြန်လည်ဖြေကြားကြသည်။

အဆိုပါ တစ်ရက်တာသင်တန်းကို မေ ၁၂ ရက်တွင် ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသည့် အင်ဂျင်နီယာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်ကြောင်း သိရသည်။

07.05.2025 | Views : 1