အကျဉ်းထောင်သွားရောက်ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖျာပုံမြို့မရဲစခန်း အချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင် ကြည့်ရှုစစ်ဆေး

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ဇွန်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ရှိ ဖျာပုံမြို့မ ရဲစခန်း အချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံမြို့မရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့်တွေ့ဆုံခွင့် ရရှိမှုအခြေအနေတို့ကို အချုပ်သား / အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကျွေးမွေးမှု အခြေအနေ၊ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု၊ အကျဉ်းသား၏ ရောဂါ အခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေး နေမှုအခြေအနေ၊ အကျဉ်းသား အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေတို့ကို မေးမြန်းခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန် ဗဟုသုတရဖွယ် စာအုပ်စာပေများကို လှူဒါန်းခဲ့သည်။

ထို့နောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးခန်း၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့် စက်များ၊ သုံးရေအတွက် မြစ်ရေမှ ရေစုကန်၊ ၎င်းမှတစ်ဆင့် ရေစစ်ကန်သို့ ရေဖြန့်ဝေပေးသည့်နေရာ၊ သုံးရေ၊ ချိုးရေကန်များ၊ အတွင်းအပြင် မိလ္လာများနှင့် မိုးရေစုဆောင်းထားသည့် မြေသားရေကန်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

06.06.2025
မြန်မာအမျိုးသမီးဘောလုံး

အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

 

မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် (၉) ဦး၊ ကစားသမား ၂၃ ဦး လိုက်ပါသွားမည်ဖြစ်ပြီး အုပ်ချုပ်သူဒေါ်နွယ်နီဦး၊ နည်းပြချုပ်ဒေါ်သက်သက်ဝင်း၊ လ/ထ နည်းပြ ဦးသက်ပိုင်ဦး၊ ဒေါ်ခင်မိုးဝေး၊ ဂိုးနည်းပြ ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား သူဇာအောင် (သစ္စာ အားမာန်)၊ ပန်းနုဝေ (ဧရာဝတီ)၊ လှလှထွေး (YREO)၊ နောက်တန်း ယုယုနိုင်၊ မင်းမင်းနု၊ ယမင်းဖြူ (ရန်ကုန်ယူနိုက်တက်)၊ သီရိနန္ဒာစိုး၊ အေးအေးစိုး (YREO)၊ ပင်မြင့်ယံ (Young Lionesses)၊ ခင်မိုးဝင်း၊ နိုင်နိုင်ဝင်း၊ သဲအိလှိုင် (ဧရာဝတီ)၊ အလယ်တန်းကေသွယ်ဖြိုးဦး၊ ယဉ်လွန်းအိမ်၊ စန္ဒာလင်း (အား/ကာသိပ္ပံ)၊ ဒေစီအောင်၊ နန်းချိုမွှေး (ရန်ကုန်ယူနိုက်တက်)၊ ဝင်းစန္ဒာ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်းအိသက်ဖြိုး (YREO)၊ မိုးပွင့်ဖြူ (အား/ကာသိပ္ပံ)၊ စုစုခင် (ဧရာဝတီ)၊ နှင်းစန္ဒာဝင်း (ရန်ကုန်တိုင်း)၊ ယုယနိုင် (ရှမ်းယူနိုက်တက်)တို့ ပါဝင်သည်။

အာဆီယံ ယူ-၁၉ အမျိုးသမီး ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် ဗီယက်နမ်၊ လာအို၊ တီမောအသင်း တို့နှင့်ပါဝင်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲဝင်ရန် ဇွန် ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။

05.06.2025
ပိုက်ကျော်ခြင်း

တရုတ်-အာဆီယံ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် စတင်ဆွတ်ခူး

 

တရုတ် - အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၂ ရက်က ဆက်လက်ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်ဆု စတင်ဆွတ်ခူးရရှိခဲ့သည်။ 

ဇွန် ၁ ရက်နှင့် ၂ ရက်တို့တွင် သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ ကျင်းပရာ မြန်မာပိုက်ကျော်ခြင်း အသင်းက ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အုပ်စုအဆင့်တွင် အိမ်ရှင်တရုတ်အသင်းကို နှစ်ပွဲပြတ်၊ မလေးရှားအသင်းကို နှစ်ပွဲပြတ် အနိုင်ရရှိကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လာအိုအသင်းကို နှစ်ပွဲပြတ် အနိုင်ရပြီး ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် ပြန်လည်တွေ့ဆုံရာ ၂ - ၁ ပွဲဖြင့် ထပ်မံအနိုင်ယူပြီး ရွှေတံဆိပ်ဆုရခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာအသင်းသည် ကြေးတံဆိပ်ရရှိသည်။

လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၃၊ ၄ ရက်တို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ အုပ်စု(က)တွင် မလေးရှား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု(ခ)တွင် တရုတ်၊ လာအို၊ ထိုင်း၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ အုပ်စု (က)တွင် တရုတ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အုပ်စု(ခ)တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအိုအသင်းတို့ ပါဝင်နေသည်။

03.06.2025
သနပ်ခါး , သနပ်ခါး-၁

မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါး စိုက်ဧကပေါင်း ၃၅ဝ,ဝဝဝ ကျော် စိုက်ပျိုးထား

 

မြန်မာ့သနပ်ခါးပင်များကို လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းက တွေ့ရှိကာ လိမ်းကြံ ခြယ်သသုံးစွဲလာကြပြီး စိုက်ပျိုးကြသူများလာကာ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ဧကပေါင်း၃၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။ 

သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရကာ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် အများဆုံး စိုက်ပျိုးကြသည်။ သနပ်ခါးသည် ရေငတ်ခံပြီး ပူပြင်းခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်သောကြောင့် အညာဒေသ၏ ရတနာပင်အဖြစ်ပင် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ အမြင့်ပေ ၂၀–၃၀ ထိ မြင့်တတ်ပြီး ပင်စည်နှင့်အကိုင်းအခတ်များတွင် လက်မဝက်၊ တစ်လက်မခန့် ရှည်လျားမာကျောသည့် ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာတတ်သည်။

အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲများ ထွက်တတ်သည်။ သနပ်ခါးအပွင့် ပုံသဏ္ဌာန်မှာသေးငယ်ပြီး အဝါနုရောင်ရှိသည်။ အသီးများ ရင့်မှည့်ချိန်တွင် မျိုးအဖြစ် စတင်ခူးယူရသည်။ ခူးယူပြီးသော သနပ်ခါးသီးကို ရေထဲတွင်စိမ်၍ ရေအောက်မြုပ်နေသော သနပ်ခါးအစေ့များကိုသာ ယူ၍ ပျိုးထောင်ရသည်။ ရေပေါ်တွင် ပေါလောပေါ်နေသော အစေ့များသည် မျိုးအောင်မြင်ခြင်း မရှိဘဲ ရေထဲတွင်မြုပ်နေသော အစေ့များသည်သာ မျိုးအောင်သည်။

သနပ်ခါးကိုစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံနှင့်ကျောက်စရစ်မြေတို့ ဖြစ်သည်။ ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သောမြေများမှလွဲ၍ မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သည်။ သဲမြေတွင် စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင်အသေအပျောက်များပြီး အပင်ဖြစ်ထွန်းမှုနည်းတတ်သည်။ မိုးရေချိန် ၁၀ လက်မမှ ၄၀ လက်မအကြားတွင်ရှိသော နေရာဒေသများတွင်လည်း စိုက်ပျိုးနိုင်ကြသည်။ ပျိုးထောင်ပြီး ၄၅ ရက်သားမှစ၍ မြေကြီးတွင် စတင်ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီး သီးညှပ်စိုက်ပျိုးမည်ဆိုပါက တန်းကြား၊ ပင်ကြား (၈ ပေ x ၄ ပေ)၊ (၈ ပေ x ၅ ပေ) စသည်ဖြင့် စိုက်ပျိုးနိုင်သည်။ သီးညှပ်အဖြစ် နှမ်း၊ ပဲစင်းငုံ၊ မြေပဲစသည့်အပင်များကြားတွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများဖြင့် ကြိုက်သလို စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့၏ ခြံဝင်းများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများလည်းရှိကြသည်။ 

စိုက်ပျိုးပြီး အနည်းဆုံး တစ်နှစ်တစ်ကြိမ်၊ ပေါင်းမြက်များ ရှင်းလင်းပေးကာ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများလည်း ရောနှော၍ ကျွေးပေးရသည်။ အများအားဖြင့် ၈ နှစ်မှ ၁၀ နှစ်သား အရွယ်များတွင် ဈေးကွက်အတွင်း ခုတ်၍ ရောင်းချပါက အရောင်းအများဆုံးအရွယ်ဖြစ်သော်လည်း အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း ၃၀/၃၅ နှစ်ခန့် စောင့်ရသည်။ အပင်သက်တမ်း ၁၀ နှစ်တွင် သနပ်ခါးကို ခုတ်ယူရောင်းချပါက အတက် နှစ်ပင်/သုံးပင် ပြန်ထွက်သော်လည်း အပင်သက်တမ်း နှစ် ၃၀/၄၀ အရွယ်တွင် ခုတ်၍ရောင်းချပါက သနပ်ခါးအရည်အသွေးကောင်းသော်လည်း အပင်အိုသွားသဖြင့် အတက်ပြန်ထွက်အား နည်းသွားကြသည်။ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ပြယုဂ်တစ်ခုဖြစ်ပြီး မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာကောင်းလှသော မြန်မာ့သနပ်ခါးကို အများဆုံးစိုက်ပျိုးကြသောမြို့များမှာ အရာတော်၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ရွှေဘို၊ ပခုက္ကူ၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကာ သနပ်ခါးစိုက် ဧက ၃၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

04.06.2025