အီသီယိုပီးယား

သံအမတ်ကြီး ဦးအောင်မင်းဦး အီသီယိုပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတထံ ခန့်အပ်လွှာပေးအပ်

 

အီသီယိုပီးယားဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးအောင်မင်းဦးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်တွင် အီသီ ယိုပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဒစ်အဘာဘာမြို့ရှိ သမ္မတအိမ်တော်၌ အီသီယိုပီးယား ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ တိုင်ယီအက်စ်ကီစီလက်ဆီထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။

05.06.2025 | Views : 4
လှူဒါန်း-၁

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

 

၂၈-၃-၂၀၂၅ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီး ကြောင့်နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများ လှူဒါန်းထောက်ပံ့မှုနှင့် ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို အပတ်စဉ် သတင်းထုတ်ပြန်ပေးလျက်ရှိရာ မေလ ၂၀ ရက်မှ ၂၇ ရက်နေ့အထိ အခြေအနေကို ၂၇-၅-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ရက်သတ္တပတ် ၁ ပတ်အတွင်း သီရိလင်္ကာနိုင်ငံမှ ထပ်မံပေးပို့လှူဒါန်းလာသောစားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများအနက် ဆေးနှင့်ဆေးပစ္စည်းများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကော်မတီ (ကျန်းမာရေးဝန်ကြီးဌာန) သို့လည်းကောင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းများကို ဘေးသင့်လူဦးရေအချိုးအစားအပေါ်မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သို့ဖြန့်ခွဲပေးပို့ပြီး ဖြစ်ပါသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ၂၈- ၃-၂၀၂၅ ရက်နေ့မှ ယနေ့အထိ လှူဒါန်းပစ္စည်းများ ဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့မော်တော်ယာဉ် ၆၄ စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော် ယာဉ် ၃၂ စီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) သို့ မော်တော်ယာဉ် ၁၂ စီး စုစုပေါင်းတန်ချိန် ၂၄၂၇ ခန့် ဖြစ်ပါသည်။

နိုင်ငံတကာအလှူရှင်များက ၂၈-၅-၂၀၂၅ ရက်နေ့မှ ၃-၆-၂၀၂၅ ရက်နေ့အထိရက်သတ္တပတ် ၁ ပတ်အတွင်း ပေးပို့လှူဒါန်းသည့် ပစ္စည်းများအား ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့နိုင်ရေးဆောင်ရွက်ထားမှုကို ပူးတွဲပါဇယားများဖြင့် ဖော်ပြအပ်ပါသည်။ ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ် လျှင် ၁ ကြိမ် ဆက်လက်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်

05.06.2025 | Views : 0
MDD

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

 

မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ရောဂါအား ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက် ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိသော်လည်း အဆိုပါရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါ တို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်- 

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေး ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း စသည့်လက္ခဏာများ ရှိသူများအနေဖြင့် မိမိမှ အခြားသူများသို့ ကူးစက်မှုမရှိစေရေးအတွက်-

(က) လူထူထပ်သောနေရာများသို့ သွားခြင်းမှ ရှောင်ကြဉ်ခြင်းနှင့် မဖြစ်မနေသွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) အား စနစ်တကျ ဝတ်ဆင်ခြင်း၊

(ခ) ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိချိန်၌ နှာချေ၊ ချောင်းဆိုးပါက လက်ကိုင် ပဝါ/ တံတောင်ကွေးဖြင့် လုံအောင်အုပ်၍ နှာချေ၊ ချောင်းဆိုးခြင်း၊

(ဂ) ရောဂါလက္ခဏာပြင်းထန်ပါက နီးစပ်ရာဆေးရုံ/ကျန်းမာရေးဌာနသို့ ချက်ချင်းပြသ၍ ဆေးကုသမှုခံယူခြင်း။ 

တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် ရေမလို လက်သန့်စင်ဆေးရည်(Hand sanitizer)ဖြင့် မကြာခဏ စနစ်တကျ ဆေးကြောခြင်း၊

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇကွဲများ ကူးစက်ဖြစ်ပွားခြင်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုနှင့် အသက်ဆုံးရှုံးမှုတို့မှ ထိရောက်စွာ ကာကွယ်ပေးသည့်အတွက် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုခံယူခြင်း။

05.06.2025 | Views : 0
လူကုန်ကူး

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသား ၁ဝ ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦးတို့အား ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့

 

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့- မဲ့ထော်သလေး (KK Park) နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၁၀ ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ၁၂ ဦးကို ဇွန်လ(၃)ရက်နေ့တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။ 

အဆိုပါ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း နေ့ချင်းပြီး ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၁၁၄ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၆၉၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၁၅ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ 

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

04.06.2025 | Views : 0
သနပ်ခါး

မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါး စိုက်ဧကပေါင်း ၃၅ဝ,ဝဝဝ ကျော် စိုက်ပျိုးထား

 

မြန်မာ့သနပ်ခါးပင်များကို လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းက တွေ့ရှိကာ လိမ်းကြံ ခြယ်သသုံးစွဲလာကြပြီး စိုက်ပျိုးကြသူများလာကာ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ဧကပေါင်း၃၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။ 

သနပ်ခါးကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရကာ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွင် အများဆုံး စိုက်ပျိုးကြသည်။ သနပ်ခါးသည် ရေငတ်ခံပြီး ပူပြင်းခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်သောကြောင့် အညာဒေသ၏ ရတနာပင်အဖြစ်ပင် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။ အမြင့်ပေ ၂၀–၃၀ ထိ မြင့်တတ်ပြီး ပင်စည်နှင့်အကိုင်းအခတ်များတွင် လက်မဝက်၊ တစ်လက်မခန့် ရှည်လျားမာကျောသည့် ဆူးများပါရှိသည်။ အပင်နုစဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာတတ်သည်။

အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲများ ထွက်တတ်သည်။ သနပ်ခါးအပွင့် ပုံသဏ္ဌာန်မှာသေးငယ်ပြီး အဝါနုရောင်ရှိသည်။ အသီးများ ရင့်မှည့်ချိန်တွင် မျိုးအဖြစ် စတင်ခူးယူရသည်။ ခူးယူပြီးသော သနပ်ခါးသီးကို ရေထဲတွင်စိမ်၍ ရေအောက်မြုပ်နေသော သနပ်ခါးအစေ့များကိုသာ ယူ၍ ပျိုးထောင်ရသည်။ ရေပေါ်တွင် ပေါလောပေါ်နေသော အစေ့များသည် မျိုးအောင်မြင်ခြင်း မရှိဘဲ ရေထဲတွင်မြုပ်နေသော အစေ့များသည်သာ မျိုးအောင်သည်။

သနပ်ခါးကိုစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံနှင့်ကျောက်စရစ်မြေတို့ ဖြစ်သည်။ ရွံ့စေးမြေ၊ ဆားပေါက်သောမြေ၊ ရေဝပ်သောမြေများမှလွဲ၍ မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်သည်။ သဲမြေတွင် စိုက်ပျိုးနိုင်သော်လည်း စိုက်ပျိုးပါက အပင်ငယ်စဉ်တွင် အပင်အသေအပျောက်များပြီး အပင်ဖြစ်ထွန်းမှုနည်းတတ်သည်။ မိုးရေချိန် ၁၀ လက်မမှ ၄၀ လက်မအကြားတွင်ရှိသော နေရာဒေသများတွင်လည်း စိုက်ပျိုးနိုင်ကြသည်။ ပျိုးထောင်ပြီး ၄၅ ရက်သားမှစ၍ မြေကြီးတွင် စတင်ပြောင်းရွှေ့ စိုက်ပျိုးနိုင်ပြီး သီးညှပ်စိုက်ပျိုးမည်ဆိုပါက တန်းကြား၊ ပင်ကြား (၈ ပေ x ၄ ပေ)၊ (၈ ပေ x ၅ ပေ) စသည်ဖြင့် စိုက်ပျိုးနိုင်သည်။ သီးညှပ်အဖြစ် နှမ်း၊ ပဲစင်းငုံ၊ မြေပဲစသည့်အပင်များကြားတွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများဖြင့် ကြိုက်သလို စိုက်ပျိုးနိုင်သကဲ့သို့ မိမိတို့၏ ခြံဝင်းများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသူများလည်းရှိကြသည်။ 

စိုက်ပျိုးပြီး အနည်းဆုံး တစ်နှစ်တစ်ကြိမ်၊ ပေါင်းမြက်များ ရှင်းလင်းပေးကာ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများလည်း ရောနှော၍ ကျွေးပေးရသည်။ အများအားဖြင့် ၈ နှစ်မှ ၁၀ နှစ်သား အရွယ်များတွင် ဈေးကွက်အတွင်း ခုတ်၍ ရောင်းချပါက အရောင်းအများဆုံးအရွယ်ဖြစ်သော်လည်း အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း ၃၀/၃၅ နှစ်ခန့် စောင့်ရသည်။ အပင်သက်တမ်း ၁၀ နှစ်တွင် သနပ်ခါးကို ခုတ်ယူရောင်းချပါက အတက် နှစ်ပင်/သုံးပင် ပြန်ထွက်သော်လည်း အပင်သက်တမ်း နှစ် ၃၀/၄၀ အရွယ်တွင် ခုတ်၍ရောင်းချပါက သနပ်ခါးအရည်အသွေးကောင်းသော်လည်း အပင်အိုသွားသဖြင့် အတက်ပြန်ထွက်အား နည်းသွားကြသည်။ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ပြယုဂ်တစ်ခုဖြစ်ပြီး မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာကောင်းလှသော မြန်မာ့သနပ်ခါးကို အများဆုံးစိုက်ပျိုးကြသောမြို့များမှာ အရာတော်၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ရွှေဘို၊ ပခုက္ကူ၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကာ သနပ်ခါးစိုက် ဧက ၃၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

04.06.2025 | Views : 2
ဘောလုံး

၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်နေ

 

၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲနှင့် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂) ရက်နေ့မှစ၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်  တစ်ပတ်လျှင် (၂) ရက်၊ အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့ တို့တွင် လေ့ကျင့်လျက်ရှိပြီး အသင်းအနေဖြင့် စက်တင်ဘာလတွင် ၂၀၂၆ အာရှဖူဆယ် ခြေစစ်ပွဲကို လည်းကောင်း၊ ဒီဇင်ဘာလတွင် ဆီးဂိမ်းပြိုင်ပွဲကိုလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြ (၉)ဦးဖြင့် စုဖွဲ့ပြင်ဆင်ထားကြောင်း သိရသည်။

 

04.06.2025 | Views : 2