ဗုဗ္ဗသီရိဈေးပွဲတော်

ပုဗ္ဗသီရိမြို့နယ်၌ MSME ဈေးရောင်းပွဲ‌တော်ဖွင့်ပွဲ ကျင်းပ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိဈေး၌ ကျင်းပသည်။ ဦးစွာ ဈေးရောင်းပွဲတော်မုခ်ဦးအား နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး MSME ဈေးရောင်းပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်း အလှခတ်ဖျော်ဖြေနေမှုနှင့် MSME ဒေသထွက်ကုန် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ 

အဆိုပါ ဈေးရောင်းပွဲတော်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဒေသထွက်ကုန်များ ရောင်းချပေးခြင်းအပြင် ချား၊ ရဟတ်၊ ပျော့ပျော့အိကလေး ကစားကွင်းများစသည့် ပျော်ရွှင်ဖွယ်အစီအစဉ်မျိုးစုံဖြင့် ဇွန် ၄ ရက်မှ ၁၃ ရက်အထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။

08.06.2025 | Views : 1
၈-၆-၂၀၂၅ ရွှေဈေး

၈-၆-၂၀၂၅ ရက်နေ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး

 

သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနှင့်အထက်ရှိ စံချိန်မီ ရွှေတစ်ကျပ်သား ( ၁၆.၃၂၉၃၂၅ ဂရမ်) ၏ ဈေးနှုန်းမှာ ငွေကျပ် ၅,၈၂၀,၀၀၀  ဖြစ်သည်။

ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ

08.06.2025 | Views : 2
အကျဉ်းထောင်သွားရောက်ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ ဖျာပုံမြို့မရဲစခန်း အချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင် ကြည့်ရှုစစ်ဆေး

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ဇွန်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ရှိ ဖျာပုံမြို့မ ရဲစခန်း အချုပ်ခန်းနှင့် ဖျာပုံအကျဉ်းထောင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံမြို့မရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့်တွေ့ဆုံခွင့် ရရှိမှုအခြေအနေတို့ကို အချုပ်သား / အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားအချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်များကျွေးမွေးမှု အခြေအနေ၊ အကျဉ်းသားများအား ကျန်းမာရေးစောင့်ရှောက်မှု၊ အကျဉ်းသား၏ ရောဂါ အခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှုအခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေး နေမှုအခြေအနေ၊ အကျဉ်းသား အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသားအချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေတို့ကို မေးမြန်းခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန် ဗဟုသုတရဖွယ် စာအုပ်စာပေများကို လှူဒါန်းခဲ့သည်။

ထို့နောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးခန်း၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့် စက်များ၊ သုံးရေအတွက် မြစ်ရေမှ ရေစုကန်၊ ၎င်းမှတစ်ဆင့် ရေစစ်ကန်သို့ ရေဖြန့်ဝေပေးသည့်နေရာ၊ သုံးရေ၊ ချိုးရေကန်များ၊ အတွင်းအပြင် မိလ္လာများနှင့် မိုးရေစုဆောင်းထားသည့် မြေသားရေကန်အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြု ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

06.06.2025 | Views : 0
မြန်မာအမျိုးသမီးဘောလုံး

အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

 

မြန်မာ ယူ-၁၉ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းသည် ၂၀၂၅ အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ပြိုင်ပွဲဝင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြအဖွဲ့ဝင် (၉) ဦး၊ ကစားသမား ၂၃ ဦး လိုက်ပါသွားမည်ဖြစ်ပြီး အုပ်ချုပ်သူဒေါ်နွယ်နီဦး၊ နည်းပြချုပ်ဒေါ်သက်သက်ဝင်း၊ လ/ထ နည်းပြ ဦးသက်ပိုင်ဦး၊ ဒေါ်ခင်မိုးဝေး၊ ဂိုးနည်းပြ ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုးသမား သူဇာအောင် (သစ္စာ အားမာန်)၊ ပန်းနုဝေ (ဧရာဝတီ)၊ လှလှထွေး (YREO)၊ နောက်တန်း ယုယုနိုင်၊ မင်းမင်းနု၊ ယမင်းဖြူ (ရန်ကုန်ယူနိုက်တက်)၊ သီရိနန္ဒာစိုး၊ အေးအေးစိုး (YREO)၊ ပင်မြင့်ယံ (Young Lionesses)၊ ခင်မိုးဝင်း၊ နိုင်နိုင်ဝင်း၊ သဲအိလှိုင် (ဧရာဝတီ)၊ အလယ်တန်းကေသွယ်ဖြိုးဦး၊ ယဉ်လွန်းအိမ်၊ စန္ဒာလင်း (အား/ကာသိပ္ပံ)၊ ဒေစီအောင်၊ နန်းချိုမွှေး (ရန်ကုန်ယူနိုက်တက်)၊ ဝင်းစန္ဒာ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်းအိသက်ဖြိုး (YREO)၊ မိုးပွင့်ဖြူ (အား/ကာသိပ္ပံ)၊ စုစုခင် (ဧရာဝတီ)၊ နှင်းစန္ဒာဝင်း (ရန်ကုန်တိုင်း)၊ ယုယနိုင် (ရှမ်းယူနိုက်တက်)တို့ ပါဝင်သည်။

အာဆီယံ ယူ-၁၉ အမျိုးသမီး ပြိုင်ပွဲကို ဇွန် ၉ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် ဗီယက်နမ်၊ လာအို၊ တီမောအသင်း တို့နှင့်ပါဝင်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲဝင်ရန် ဇွန် ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်းသိရသည်။

05.06.2025 | Views : 1
ဝါစိုက်ပျိုး

လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံဖြိုးရေးခြံမှ ဥဇဘက်ကစ္စတန်နိုင်ငံ ဝါမျိုးနှင့် ဒေသမျိုး ရွှေတောင် (၁၀) အား မျိုးကူးစက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

 

မြန်မာနိုင်ငံတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသော ဝါသီးနှံမျိုးများသည် နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် သီးလုံးဖောက်ပိုးအန္တရာယ်ကို ကာကွယ်နိုင်ရန် ဝါမျိုးစေ့အဟောင်းနေရာကို မျိုးစေ့အသစ်များ အစားထိုးစိုက်ပျိုးနိုင်စေရန်နှင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လွန်ကျော်ဝါသီးနှံ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတွင် ဥဇဘက်ကစ္စတန်နိုင်ငံမှ ဝါမျိုးနှင့် ဒေသမျိုးရွှေတောင် (၁၀) ကို မျိုးကူးစက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ 

လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံအနေဖြင့် ဝါသီးနှံဒေသမျိုး (၅) မျိုးကို စတင်ဖြန့်ဖြူးခဲ့ရာ ရွှေတောင် (၈) နှင့် ရွှေတောင် (၁၀) ကို တောင်သူများပိုမိုကြိုက်နှစ်သက်ပြီး ယခုအခါတွင် ဒေသမျိုးများသည် နှစ်ပေါင်းကြာပြီဖြစ်သောကြောင့် ဝါမျိုးသစ်တစ်ခုအနေဖြင့် အစားထိုးစိုက်ပျိုးနိုင်ရန် ဥဇဘက်ကစ္စတန်နိုင်ငံမှ တင်သွင်းသောဝါမျိုးနှင့်ဒေသမျိုး ရွှေတောင် (၁၀) ကို မျိုးကူးစက်ခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခင်နှစ်က လွန်ကျော်ခြံတွင် ဥဇဘက်ကစ္စတန်နိုင်ငံမှ တင်သွင်းလာသည့် ဝါမျိုး (၈) မျိုးနှင့် ဒေသဝါမျိုး ရွှေတောင် (၁၀) ကို မျိုးယှဉ်စမ်းသပ်ခဲ့ပြီး မိုးရာသီတွင် စိုက်ပျိုးခဲ့ရာ ဖြစ်ထွန်းမှု ကောင်းမွန်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ကောင်းမွန်သည့်မျိုးများကို ရယူနိုင်ရန် ဒေသမျိုးများကို အမလိုင်းအဖြစ်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တင်သွင်းသည့်မျိုးကို အဖိုလိုင်းအဖြစ် မျိုးကူးစပ်ခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ မိုးကြိုကာလတွင် ဘီစီဝမ်းမျိုးစေ့ကိုရရှိခဲ့ပြီး မိုးနှောင်းတွင် ဘီစီတူးမျိုးစေ့ကို ရရှိခဲ့သည်။

တောင်သူများအနေဖြင့် သက်တမ်းတိုသည့် ဝါမျိုးကို အချိန်တိုအတွင်း ရရှိနိုင်သောကြောင့် အခြားသီးနှံများကိုလည်း အလျင်မီစိုက်ပျိုးနိုင်မည်ဖြစ်သည်။ အထွက်နှုန်းကောင်း၍ အရည်အသွေးပြည့်မီသော ဝါများကို ထုတ်လုပ်နိုင်ပါက ဈေးကောင်းရရှိမည်ဖြစ်သောကြောင့် လွန်ကျော်ခြံရှိ ဇီဝနည်းပညာဓာတ်ခွဲခန်းတွင် စမ်းသပ်မျိုးစပ်ခြင်းလုပ်ငန်းများကို စမ်းသပ်ကာလနှစ်ရာသီအပြီး အခုနှစ်တွင်လည်း ဆက်လက်မျိုးစပ်နေကြောင်းသိရသည်။

05.06.2025 | Views : 0